(005MK)
မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် နှင့် အိန္ဒိယပြည်ပရေးရာ၀န်ကြီးတို့သည် ယမန်နေ့ညနေပိုင်းက နယူးဒေလီမြို့တွင် တွေ့ဆုံပြီး မြန်မာစစ်ဘေးရှောင်နှင့် မြန်မာ့နိုင်ငံရေးများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် ဇန်န၀◌ါရီလ ၃ ရက်နေ့က အိန္ဒိယပြည်ပရေးရာ၀န်ကြီး Dr. S. Jaishankar ကို နယူးဒေလီမြို့ရှိ သူ၏ ရုံးခန်းတွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု မီဇိုရမ်၀န်ကြီးချုပ်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်သည်။
ပူးလာလ်ဒိုအောမ်မာနှင့် Dr. S Jaishankar တို့သည် Indian Civil Service တွင် အပတ်စဉ်တူ (batchmate) များဖြစ်ကြပြီး အလွန်ရင်းနှီးခင်မင်ကြသည်ဟု ဆိုသည်။
“မီဇိုရမ်ပြည်နယ်ထဲကို ၀င်ရောက်ခိုလုံလာကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးအပါအ၀င် မြန်မာ့နိုင်ငံရေး အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါတယ်’’ ဟု မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်ပြောသည်။
သို့သော်လည်း စစ်ဘေးရှောင်အရေးနှင့်သက်၍ မည်ကဲ့သို့ဆွေးနွေးခဲ့ကြသည်ကိုမူ ဖော်ပြခြင်းမရှိခဲ့ပေ။
ယခုလက်ရှိအသုံးပြုနေသော အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းသည် ဗြိတိသျှအစိုးရက အတင်းအဓမ္မပိုင်းခြားသတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး မိမိတို့ ဇိုး (ချင်း) မျိုးနွယ်စုများအား ကွဲပြားခြားနားစေခဲ့သည့်အတွက် ယခု နယ်စပ်မျဉ်းပိုင်ခြင်းသတ်မှတ်မှုကို လက်မခံနိုင်ကြောင်း မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်က အိန္ဒိယ ပြည်ပရေးရာ၀န်ကြီးထံ ပြောဆိုခဲ့သည်။
အိန္ဒိယဗဟိုအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသောနယ်စပ်တလျှောက်ကို ခြံစည်းရုံးခတ်မည်ဆိုပါက ဇိုး (ချင်း) မျိုးနွယ်စုများ တကွဲတပြားပိုင်းခြားခဲ့သည့် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်သတ်မှတ်ချက်ကို လက်ခံသည့်သဘော သက်ရောက်နိုင်သည့်အတွက် ၎င်းတို့အနေဖြင့် လက်ခံနိုင်မည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်က ပြောဆိုခဲ့သည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်ခန့် ခိုလုံလျှက်ရှိကြသည်။