မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိလာနိုင်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန် အိန္ဒိယဝန်ကြီးချုပ် နရန်ဒါမူဒီကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက တိုက်တွန်းတောင်းဆိုလိုက်သည်။
နယူးဒေလီမြို့ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၁၄ ရက်နေ့က ဝန်ကြီးချုပ် မူဒီနှင့်တွေ့ဆုံပြီး အိမ်နီးချင်းမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးအတွက် အိန္ဒိယအနေနှင့် ကြားဝင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု မီဇိုရမ်အစိုးရသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
အိန္ဒိယဝန်ကြီးချုပ်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ခြင်းသည် လူသားများလုပ်ဆောင်ရမည့်အရာဖြစ်ကြောင်း အတတ်နိုင်ဆုံးကြိုးစားပေးသွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကို ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယသည် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေခဲ့ပြီး စစ်ကောင်စီနှင့်လည်း ဆက်ဆံရေးကောင်းမွန်နေသည့် နိုင်ငံဖြစ်သည်။