မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကို သတိပြုကြရန် မိုးဇလဆို
(006SV)
ယနေ့ ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်အထိ ချင်း၊ ရခိုင်နှင့် မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် အားလုံးတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနိုင်ပြီး မြေပြိုခြင်း၊ လေပြင်းတိုခတ်ခြင်းများကို သတိပြုကြရန် စစ်ကောင်စီ လက် အောက်ခံ မိုးဇလဌာနက ထုတ်ပြန်ထားသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ် ၊ မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက ထုတ်ပြန်သည်။
ဧပြီလ ၂၇ ရက် ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်း ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း ယနေ့မှစတင်၍ တပတ်နီးပါးကြား မိုးရွာသွန်းခြင်းဖြစ်သည်ဟု သိရသည်။
ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။
ယခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သောနေ့မှ ဇွန်လကုန်အထိ ဖြစ်လိမ့်မည်ဟု မိုးဇလက ယနေ့ ဧပြီလ ၂၈ ရက်မှာ ထုတ်ပြန်ထားသည်။
အနောက်တောင်မုတ်သုံလေသည် မေလ ၁၆ ရက်မှ ၂၀ ရက်တွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ မေလ ၂၁ ရက်မှ ၂၅ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများ၊ မေလ ၂၆ ရက်မှ ၃၁ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ နှင့် ဇွန်လ ၁ ရက်မှ ၅ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်မည်ဟု သိရသည်။
မိုးဦးကာလတွင် မိုးရွာသွန်းမှုအခြေအနေမှာ ချင်း၊ မကွေးအပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ခန့်မှန်းထားသည်။
ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်တွင် ပိုမိုအားကောင်လာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပြီး မိုးဦးကာလ အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်သည်ဟု သိရသည်။