ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ သက်ထင်ကျေးရွာမှ မြိုတိုင်းရင်းသား မိသားစုဝင် ၆ ဦးသည် အစာအဆိပ်သင့်သည့်လက္ခာဏာများဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင့် သိရသည်။
၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် ညနေက သက်ထင်ရွာအနီးက အခြားရွာတစ်ရွာမှ ပြောင်းဖူးဝယ်ကာ စားပြီးသည့်နောက် ညနေပိုင်းတွင် မိသားစုဝင်များ အသက်ရှူကြပ်လာ၍ ကျောက်တော်ဆေးရုံသို့ သွားရာလမ်းတွင်ရှိသည့် ဝဲကြီးထောင့်တိုက်နယ်ဆေးရုံ၌ ခေတ္တကုသခဲ့စဉ် ည ၁၁ နာရီခန့်တွင် သမီးကြီးဖြစ်သူ မစန္ဒာဝင်းသည် ၎င်းဆေးရုံ၌ပင် သေဆုံးသွားခဲ့သည်ဟု ရခိုင်သတင်းဌာန နိရဉ္စရာက ဖော်ပြသည်။
ထို့နောက်တွင် အခြားကျန်ရှိသူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ယင်းဆေးရုံ၌ အောက်ဆီဂျင်ပေးကာ ကုသမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ထပ် ၃ ဦးမှာ တစ်ယောက် နာရီဝက်စီခြားကာ သေဆုံးသွားခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုကြောင့် နိရဉ္စရာသတင်းဌာနက ဖော်ပြသည်။
နောက်တစ်ဦးမှာ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် ည ၁၂ နာရီကျော်ခန့်တွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ယနေ့နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူများမှာ သက်ထင်ကျေးရွာနေ ဦးသောကြာအောင် (၅၄) နှစ်၊ ဇနီးသည် ဒေါ်ခိုင်သန်းနု (၅၄) နှစ်၊ သမီးကြီးမစန္ဒာဝင်း (၂၇) နှစ်၊ သမီးလတ် မစိုးသန်း (၂၃) နှစ်၊ သားငယ် မောင်ကျော်ငြိမ်းထွန်း (၁၃) နှစ်နှင့် ဒေါ်အောင်မ (၆၈) နှစ်တို့ဖြစ်ကြသည်။
ယခုကဲ့သို့ သေဆုံးရသည့်အကြောင်းရင်းကို အတိအကျမသိရသေးပဲ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်ဟုသိရသည်။