(003PT)
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ ဒေသခံပြည်သူများအားလုံး တဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ ပြီး စစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်းလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နို၀င်ဘာလ ၁၂ ရက်ညက ၀င်ရောက်စီးနင်းတိုက်ခိုက်ရာမှာ ယနေ့နေ့လည်ပိုင်းအထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဒီမနက် ၅ နာရီလောက်ကနေ တိုးလာတာ သေနတ်သံတွေက။ အခုလည်း တိုက်ပွဲဖြစ်နေဆဲပဲ။ မနေ့ညကနေ တစ်ချို့ တစ်ဝက် တွေက ဒီဖက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် Zokhawthar ဖက်မှာ တိမ်းရှောင်နေကြတာ။ ဆွေမျိုးတွေအိမ်မှာ ပြီးရင် တစ်ချို့တွေ တဲထိုးကြတာပေါ့ အဲ့မှာ သွားနေကြတာ။ ပြီးရင် မထွက်တဲ့သူတွေကလည်း ဒီမနက်မှာ ၅ မှာတန်းထ လာပြီးတော့ အကုန်လုံး ဒီဖက် တစ်ဖက်နိုင်ငံ မီဇိုရမ် Zokhawthar မှာအားလုံးထွက်ပြေးနေကြတာ အခုက အိမ်မှာ တစ်ယောက်မျှ မရှိတော့ဘူး” ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့တပ်စခန်းမှ လက်နက်ကြီးများပစ်ခတ်မှုနှင့် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“ဒဏ်ရာရတဲ့သူတွေက အဲ့ဒီ တီချောင်ဘေးနားက စစ်ရှောင်တွေဖြစ်ကြတယ်။ အခုဆိုရင် ၁၀ ယောက်ကျော်ပြီ ဒီဖက် Zokhawthar ရွာဖက်က စစ်ရှောင်တွေ။ အခုလည်း ဒဏ်ရာရ လူနာထပ်တိုးလာတယ်။ အခုဆိုလည်း အဲ့ဒီ စကစတွေရဲ့ လက်နက်ကြီးက Zokhawthar ရဲ့ Worl Bank Road လမ်းမကြီး ဘေးနားမှာလည်း တစ်လုံးတော့ ကျတယ် အသံအကြယ်ကြီးပဲ” ဟု ဇိုခေါထာရ်ဒေသခံတစ်ဦးက ပြောသည်။
ရိခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်စခန်း ၂ ခုရှိပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ပြီဟုသိရပြီး နောက်ထပ်စခန်းတစ်ခု သိမ်းပိုက်နိုင်ရန် တိုက်ပွဲဖြစ်ပွားနေဆဲဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး အမြောက်အများအသုံးပြုကာ တိုက်လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ပွဲမှုများ ပြုလုပ်နေပြီး စစ်ရေးအရှိန်ပြင်းထန်နေဆဲဟု သိရသည်။