(006SV)
မျက်ခုံးဖြူငှက်ပြာခြောက်နှင့် အောက်ချင်းငှက်အပါအဝင် ရှားပါးငှက်မျိုးစိတ်များ နေထိုင်ကျက်စားသည့် မင်းတပ်မြို့နယ်တွင် ယမန်နေ့မှ စတင်၍ ၂ လတိတိကို ကျေးငှက်များ ဥ, ဥပြီး သားပေါက်ချိန်ဖြစ်၍ ငှက်ပစ်အမဲလိုက်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ကျေးငှက်များ အသိုက်အတွင်း ဥများ၊ ဥချ၍ သားပေါက်ချိန်ဖြစ်သောကြောင့် မင်းတပ် မြို့နယ်အတွင်းက အဖိုးတန် သဘာဝတောရိုင်းတိရစ္ဆာန်များကို ကာကွယ်ရန်အတွက် လေသေနတ်၊ တူမီးသေနတ်၊ ပွိုင့်တူးတူး (.၂၂) သေနတ်၊ လောက်လေးဂွများဖြင့် ငှက်ပစ် အမဲလိုက်ခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်။
မင်းတပ်မြို့နယ်ဒေသအတွင်းရှိ ကျေးငှက်များသည် ရှားပါးငှက်မျိုးစိတ်တွင် ပါဝင်ကြပြီး အဖိုးတန် သဘာဝအမွေအနှစ်များ ဖြစ်သောကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁ ရက်မှာ သတင်းထုတ် ပြန်သည်။
၎င်းတို့သည် အနာဂါတ်မှာ ဒေသခံပြည်သူများအတွက် ခရီးသွားလာရေး ကဏ္ဍမှ တဆင့် ဝင်ငွေ ရရှိစေမည်ဖြစ်သောကြောင့် တားမြစ်ချက်ကို အလေးအနက်ထား လိုက်နာကြပါရန် နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမည်ဟု သတိထုတ်ပြန်ထားသည်။
မင်းတပ်မြို့နယ်တွင် အဖိုးမဖြတ်နိုင်သော ကမ္ဘာဦးသစ်တောများ၊ ရှားပါး လိပ်ပြာမျိုးစိတ်များ၊ ကျေးငှက်များ၊ သစ်ခွမျိုး စိတ်များနှင့် မြင့်မားလှသော တောင်စဉ်တောင်တန်းများ တည်ရှိပြီး သဘာဝတောရိုင်းတိရစ္ဆာန် ပေါင်းစုံ ကျက်စားရာဒေသတခုဖြစ်သည်ဟု သိရသည်။
ဤတားမြစ်ချက်ကို မင်းတပ်မြို့နယ်အတွင်းက ဌာနအားလုံးနှင့် မြို့/တိုက်နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ အားလုံးထံကို အသိပေးဖြန့်ဝေထားပြီဖြစ်သည်ဟု သိရသည်။
မျက်ခုံးဖြူငှက်ပြာခြောက်ကို ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ်ထဲက ခေါ်နုးသုန်း (နတ်မတောင်) အမျိုးသားဥယျာဉ်)မှာသာ တွေ့ရှိနိုင်ပြီး မြန်မာ့ဒေသရင်း ငှက်မျိုးစိတ်ထဲတွင် ချင်းပြည်နယ်မှာသာ တွေ့ရနိုင်သော ငှက်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာငှက်ကြည့်သူများ၊ ပြည်တွင်းငှက်ကြည့်သူများအကြားတွင် မျက်ခုံးဖြူငှက်ပြာခြောက်သည် ချင်းပြည်နယ်ထဲက ငှက်မျိုးစိတ်များတွင် ထင်ရှားသည်ဟု သိရသည်။