ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီမှ ဖမ်းစီးထားသူ ၄၀ ဦး ပြန်လည်လွတ်မြောက်လာပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသူအများစုပါဝင်ကာ CDM ဝန်ထမ်း ဖမ်းဆီးထားသူများလည်း ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။
ပြန်လွှတ်ပေးလိုက်သည့် စာရင်းတွင်ပါဝင်သူများမှ ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူများ၊ မိုဘိုင်းဖုန်း စစ်ဆေးရာမှ ဖမ်းဆီးခံရသူများ၊ CDM လှုပ်ရှားမှုတွင်ပါဝင်သူများဖြစ်ပြီး အများစုမှာ ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲခံရသူများဖြစ်ကြောင်းသိရသည်။
“အရင်နှစ်ပတ်လောက်တုန်းက ကျနော်တို့ ကြားထားတာက ၄၅ ယောက်လောက်လွှတ်ပေးမယ်လို့ ကြားတာ၊ ဒါပေမယ့် ဘာကြောင့် အယောက် ၄၀ ဘဲ လွှတ်ပေးတာလဲဆိုတာတော့မသိရသေးဘူး၊ ဖောက်ခွဲရေးပစ္စည်းနဲ့ဆက်ဆပ်တာတို့ တစ်ခြားပုဒ်မနဲ့ဆွဲခံရတဲ့သူတို့တော့မပါသေးဘူး”ဟု ဟားခါးမြို့ခံတစ်ဦးမှပြောသည်။
ချင်းပြည်နယ်တွင် ဟားခါးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူအများဆုံးဖြစ်ပြီး ၂၈၈ဦးအထိရှိပြီး ယနေ့ အယောက် ၄၀ လွှတ်ပေးလိုက်ပြီးနောက် အယောက် ၃၀ ဝန်းကျင် ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖလမ်းမြို့တွင်လည်း ၅၀၅ (က)ဖြင့် တရားစွဲခံရသူ နှစ်ဦးလည်း ယနေ့တွင် လွှတ်မြောက်ခဲ့ပြီး ၎င်းတို့နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားသဖြင့် လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းသိရသည်။