မာဂရက် – ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ ကမ္ဘောဇ ဘဏ် (၂) ရှေ့တွင် ယမန်နေ့ည ၈း၃၀ အချိန်တွင် အရေးပေါ်လူနာအတွက် အောက်ဆီဂျင်ပို့ပေးသည့် ပြည်သူတစ်ဦးသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ် သောကြောင့် ဝမ်းဗိုက်တွင် ထိမှန်ပြီး စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။
“ သူ့ သူငယ်ချင်းရဲ့အမေက မန္တလေးကို ဆင်းပြီးမှ ဆေးသွားကုရမှာ အောက်ဆီဂျင်ဗူးက မပါလို့ မဖြစ်ဘူး၊ ယူထားတာတော့ရှိတယ် ဒါပေမယ့် မလောက်မှာဆိုးလို့ လမ်းမှာ ပျက်သွားမှာကြောင့်လို့ အပိုဆောင်အနေနဲ့ အောက်ဆီဂျင်ဗူးကို သွားယူပြီးအိမ်ကိုပို့ပြီးတော့ အပြန်မှာ ဖြစ်သွားတာ၊ တာဟန်း KBZ (2) နားမှာ၊ သူ့ သူငယ်ချင်းအိမ်က အဲ့နားမှာမို့လို့၊ အခု အခြေအနေတော့ ကောင်းပါတယ်၊ စစ်တပ်ဆေးရုံမှာ” ဟု ပစ်ခတ်ခံရသူ၏ အကိုကပြောသည်။
သေနတ်အပစ်ခံရသူမှာ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၂) တွင်နေထိုင်သော ကို အောင်မြင့်ဆွေ ဖြစ်ပြီး သေနတ်ပစ်ခံရခြင်းကြောင့် ဝမ်းဗိုက် ညာဖက်ခြမ်း အစာအိိမ်နားကို ထိထားပြီး စကားပြော ဆိုနိုင်ပေမယ့် ရေသောက်ရန် နှင့် အစာစားရန်အတွက် အခက်အခဲဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေတော့မရှိကြောင်း ၎င်းကဆက်ပြောသည်။
ယနေ့မနက်တွင် ကိုအောင်မြင့်ဆွေကို ပြုစုရန်အတွက် မိခင်ဖြစ်သူကို ဆေးရုံတွင် ပို့ထားပြီး၊ မိသားစုဝင်များနှင့်လည်း တွေခွင့်ရသည်ဟု သိရသည်။