(006SV)
အိန္ဒိယက မြန်မာပိုင်နက်အတွင်း ၆ နေရာခန့်မှာ ကျူးကျော်၍ ခြံစည်းရိုးကာရံနေမှုကို ရပ်ဆိုင်းရန် နှင့် ဆက်လက်ကာရံလိုပါက NUG ဗဟိုအစိုးရနှင့်သာ ညှိနှိုင်းဆောင်ရွက်ရန် တမူးဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက အိန္ဒိယအစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ အိန္ဒိယအစိုးရသည် အိန္ဒိယ၊ မဏိပူရပြည်နယ်နှင့် မြန်မာ- တမူးမြို့နယ်စပ်အကြား ခြံစည်းရုံး ကာရံမှုကို ဆောင်ရွက်ခဲ့ရာမှာ တမူးမြို့နယ်အတွင်း ၆ နေရာခန့်မှာ မြန်မာပိုင်းနက်ထဲ ဝင်ရောက်၍ နယ်မြေကျူးကျော်ကာ ခြံစည်းရိုး ခတ်နေခြင်းဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးက ပြောသည်။
“နယ်မြေကျူးကျော်ခြံခတ်တာကို အားလုံးသဘောထားအရ လက်မခံတဲ့အတွက်ကန့်ကွက်ထားတယ်၊ မြေပြင်က ရဲဘော်တွေက ကိုယ်တိုင်သွားရောက်တားမြစ်ထားတယ်။ India ဘက်က ဆက်လုပ်ချင်တယ်၊ ၂ နိုင်ငံတာဝန်ရှိသူတွေ နယ်မြေကွင်းဆင်းပြီး သဘောတူတဲ့ နေရာမှာ ခြံစည်းရိုးဆက်ကာဖို့ ပြောပါတယ်၊ ကျနော်တို့က အခုလို တိုက်ပွဲကာလမှာ အခြေအနေမပေးသေးဘူး၊ ဒီအတိုင်းပဲရပ်ထားဖို့ပဲလိုလားပါတယ်၊ ကွင်းဆင်းမယ်၊ ဆွေးနွေးမယ် ဆိုရင်လည်း NUG ဗဟိုအစိုးရနဲ့ပဲညှိနှိုင်းတိုင်ပင်ရမယ် ပြောထားပါတယ်” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးက ပြောသည်။
လက်ရှိ စစ်အာဏာရှင်ကို တော်လှန်နေသည့်ကာလတွင် အိန္ဒိယအနေဖြင့် ခြံစည်းရိုးကာရံနေမှုကို ဆက်မလုပ်စေချင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးထံကိုလည်း အိန္ဒိယဘက်မှ မြေပြင်ကျူးကျော်ထားမှုကို ပုံများနှင့်တကွ တင်ပြထားကြောင်း ၎င်းက ဆိုသည်။
နယ်မြေကျော်၍ ခြံစည်းရိုးခတ်မှုများမှာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် မြန်မာပိုင်နက် တမူးမြောက်ပိုင်း၊ မြို့သစ်မြို့၊ ဖိုင်ရန်ကျေးရွာ အနောက်ဘက် နယ်စပ် ဝမ်လီကျေးရွာအနီးမှာလည်း ဖြစ်ပွားကြောင်း၊ ဒုတိယနေရာမှာ တမူးမြို့နှင့် မြို့သစ်မြို့အကြားတည်ရှိသည့် ဝက်ရှုကျေးရွာနှင့် ဆရာစံကျေးရွာအကြား (နယ်စပ် BP 82- 82 ကြား) ၊ တတိယမှာ တမူး- မိုးရေး နယ်စပ် One Gate အနီး BP 77 – 78 အကြားဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စတုတ္ထနေရာမှာ တမူးမြို့တောင်ပိုင်း BP 75 – 76 ကြား၊ မီနိုရွာ နှင့် ဘီတုရွာကြား(India ဘက်ကရွာ)နှင့် ပဥ္စမ နေရာမှာ ၅) BP 74 – 75 ကြား၊ မျောက်ငိုခြံဘက်နှင့် နောက်ဆုံးနေရာမှာ ခမ်းပတ်မြို့အနီး ကမ္မကြီးရွာအနောက်ဘက် BP 59 – 60 ကြားဖြစ်သည်ဟု သိရသည်။
“အချို့နေရာ ပေ ၂၀၀ ၊ အချို့နေရာ မီတာ ၁၀၀ ရယ်၊ မီတာ ၂၀၀ ရယ်၊ အချို့နေရာ ၁ ဖါလုံ၊ အချို့နေရာ ၂ ဖါလုံခန့်၊ အဲလို တနေရာနဲ့တနေရာမတူဘူး” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးက ပြောသည်။
အိန္ဒိယတာဝန်ရှိသူများကလည်း မြန်မာတော်လှန်ရေးအင်အားစုများဘက်မှ တားမြစ်ချက်များကို တရားဝင်ပြောရေးဆိုခွင့်ရှိသူနှင့် ဆွေးနွေးလိုကြောင်း တုန့်ပြန်ထားသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံသည် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ကီလိုမီတာ ၁၆၄၃ ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်ကို ခြံစည်းရိုးခတ်နေခြင်းဖြစ်ပြီး ယင်းအတွက် ရူပီး ကုဋေ ၃၁၀၀၀ လျာထားသည်ဟု သိရသည်။
နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုတင်သွင်းမှုများကို ဟန့်တားနိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်သည်ဟု အိန္ဒိယ အာဏာပိုင်များက ပြောဆိုထားသည်။