အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်းဖိုင်းခရိုင် မဲလ်ဘုတ်ကျေးရွာတွင် စိတ်ကြွဆေးပြား (methamphetamine) အလုံး ၅ သိန်းကျော်ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
Zokhawthar ကျေးရွာအခြေစိုက် မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ စက်တင်ဘာလ ၂၃ ရက်နေ့က နယ်စပ်ဘက်မှတက်လာသော ယာဉ်လိုင်းများကို မဲလ်ဘုတ်ကျေးရွာတွင် စစ်ဆေးခဲ့ရာမှ စိတ်ကြွဆေးပြား အလုံး ၅ သိန်း ၅ ထောင်နှင့် ပိုင်ရှင်ဟုယူဆရသော အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်သ တင်းစာတွင်ဖော်ပြသည်။
ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား၏ ကာလတန်းကြေးမှာ(နိုင်ငံတကာပေါက်ဈေး) ရူပီးငွေ သိန်းတစ်ထောင့်ခြောက်ရာ ကျော်ခန့်ရှိသည်ဟု ဖော်ပြထားသည်။ ယခုဖမ်းဆီးရမိသည့်ပမာဏသည် မီဇိုရမ်ပြည်နယ်တွင်
စိတ်ကြွဆေးပြားအများဆုံး ဖမ်းဆီးရမိသည့်ပမာဏဖြစ်သည်ဟုသိရသည်။
ယင်းစိတ်ကြွဆေးပြားနှင့်အတူ အဖမ်းခံရသောအမျိုးသမီးကို Zokhawthar ရဲစခန်း သို့ စက်တင်ဘာလ ၂၄ ရက်နေ့က အပ်နှံပြီး အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျန်ဖိုင်းခရိုင် Tuipui ကျေးရွာတွင် မီဇိုရမ်ရဲတပ်ဖွဲ့က ကုန်တင်ကားတစီး အား စစ်ဆေးရာတွင် စိတ်ကြွဆေးပြားအလုံးတစ်သိန်းကျော်နှင့်အတူ အိန္ဒိယအမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။