(006SV)
CDF – မတူပီ၊ တပ်မဟာ – ၂၊ အောက်ချင်းတပ်ရင်း (တပ်ရင်း – ၂) က ညီလာခံတရပ်ကို အောင်မြင်စွာကျင်းပခဲ့ပြီး တပ်အင်အားဖြည့်တင်းနိုင်ရေးအတွက် စစ်ရေးကဏ္ဍတချို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
“ကျနော်တို့ အဓိက ဆွေးနွေးတာက တပ်ကျစ်လစ်ခိုင်မာမှုရှိအောင် ပိုပြီးတော့ တပ်အင်အား ဖြည့်တင်းနိုင်အောင် ကျနော်တို့ အဓိက ဆွေးနွေးတာပါ။ တခြားထွေထွေထူးထူးရယ်လို့တော့ မဟုတ်ပဲနဲ့ တချို့စစ်ရေးအခြေအနေအရ လုံခြုံရေးအရ ပြောလို့ မရတာတွေလည်း ရှိပါသေးတယ်။ ရှေ့လုပ်ငန်းစဉ်က တပ်မဟာကနေ အကုန်လုံး ချမှတ်ထားတာကို တပ်ရင်းတွေက လိုက်နာပြီး လက်တွေ့အကောင်အထည်ဖော်တာ ရှိလိမ့်မယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ တပ်မဟာ – ၂ ၊ တပ်ရင်း ၂ ၏ ၄ ကြိမ်မြောက်ညီလာခံကို အောင်မြင်စွာကျင်းပခဲ့သည်ဟု သိရသည်။
အောက်ချင်းတပ်ရင်း (တပ်ရင်း -၂) သည် တော်လှန်ရေး ၄ နှစ်တာအတွင်း ကျဆုံးရဲဘော် ၇ ဦးနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၁၆ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။
“ကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာတော့ မိုင်းဆရာလည်း ပါတယ်။ တပ်ခွဲမှူးတွေ၊ တပ်စိပ်မှူးတွေ ပါတယ်။ အဓိကက တိုက်ပွဲမှာ ကျဆုံးတာက များပါတယ်” ဟု တပ်မဟာ -၂ မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ညီလာခံတွင် ကျဆုံးခဲ့သော ရဲဘော်များ၏ ဂုဏ်ပြုလွှာများကို ကျန်ရစ်သူမိသားစုထံသို့ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။
ညီလာခံကျင်းပသည့် ရက်အတွင်း ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် စသည့် အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အောက်ချင်းတပ်ရင်း ရပ်တည်နိုင်အောင် ကူညီထောက်ပံ့ပေးသော ပြည်တွင်း/ပြည်ပ တော်လှန်ပြည်သူများအပေါ် ကျေးဇူးတင်ရှိပြီး အာဏာရှင်စနစ်ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိအောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။