ကလေးမြို့တွင္ ၂ ရက်ကြာပျောက်ဆုံးသည့် ချင်းလူငယ်တစ်ဦးကို ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) ဝန်းထဲက စစ်ဆေးရုံတွင် အလောင်းပြန်တွေ့ပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီက သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။
ကလေးမြို့တာဟန်းရပ်ကွက် နယ်မြေ (၁၀) တွင်နေထိုင်သည့် အသက်(၂၃)နှစ်အရွယ် လျန်ခေါ်ရှန်းသည် ဧပြီ ၈ ရက် သောကြာနေ့ညနေပိုင်းက ဆေးဝယ်သွားရန်ဆိုင်ကယ်ဖြင့်ထွက်ခွါကာ နေအိမ်သို့ပြန်မရောက် လာတော့သည့်အတွက် မိသားစုဝင်များက ရှာဖွေရာတွင် ဧပြီလ ၁၀ ရက်နေ့တွင် စစ်ဆေးရုံသို့ သေဆုံးလျှက်ရှိနေသည့် သူ၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
“သောကြာနေ့က ဆေးဝယ်ဖို့ထွက်သွားတာ RTC ဘက်မှာသွားတာလို့ပြောတယ် ည ၈ နာရီလောက်မှာလည်း ဖုန်းခေါ်လို့ရသေးတယ် ပြန်မလာတော့တာနဲ့ မိသားစုဝင်တွေက လိုက်ရှာတော့ မနေ့မနက်ပိုင်းမှာ စစ်ဆေးရုံမှာ သူ့အလောင်းကို သွားတွေ့ကြတယ် ညနေပိုင်းမှာ သယ်ကြပြီး ဒီနေ့မနက်ပိုင်းမှာ သဂြိုလ်ကြတယ်” ဟု ၎င်းကပြောသည်။
သေဆုံးသူ လျန်ခေါရှန်းသည် ခြေထောက်တွင် ကျည်ထိဒဏ်ရာ၊ မျက်နာနှင့် ခန္ဓာများတွင် ဖူးရောင်ဒဏ်ရာများ ရရှိထားကြောင်းသိရပြီး သေနတ်ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး နှိပ်စက်မှုဒဏ်ရာကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
၎င်းတို့သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ဆဲဇန်ရွာမှ ကလေးမြို့သို့ ပြောင်းရွေ့နေထိုင်လာသည်မှာ (၂) လမျှသာရှိသေးကြောင်း သိရသည်။
ကလေးမြို့တွင် ပြီးခဲ့သည့်ဧပြီလ ၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။