(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်မှာ တကျော့ပြန် တပ်စွဲလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းပူး ပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဖမ်းဆီးရမိပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတယ်လို့ သိရသည်။
တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ စစ်ရေးအရ အချက်အချာကျသော ကနေဒီတောင်ပေါ်မှ စစ်ကောင်စီစခန်းကို ချင်းညီ နောင်အဖွဲ့ဝင် PDF- Zoland နှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF- CDM Siyin ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဇန်နဝါရီလ ၄ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
“ကနေဒီကိစ္စကတော့ ချင်းညီနောင်၊ PDF Zoland ဦးဆောင်ပြီးမှ ပူးပေါင်းတပ်အနေနဲ့ CDM CDF – Siyin က ပူးပေါင်းတယ်။ ဗိုလ်မှူး ၁ ယောက်အပါအဝင် စစ်သုံ့ပန် ၂၀ ဖမ်းဆီးရမိတယ်။ ရန်သူသေတာက ၁၀ လောင်းကျော်တယ်။ ကနေဒီတိုက်ပွဲ ဖြစ်စဉ်မှာပေါ့နော်” ဟု PDF – Zoland စစ်ဦးစီးချုပ် ဂီဒွန်က ပြောသည်။
ကနေဒီတောင်တိုက်ပွဲတွင် လက်နက်ငယ် ၃၀ ကျော်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက ကနေဒီတောင်ပေါ်ရှိ စစ်ကော်မရှင်စခန်းကို ချင်းညီနောင်ပူးပေါင်းတပ်က တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကော်မရှင်တပ် တကျောပြန်၍ ကနေဒီတောင်ပေါ်တွင် တပ်စွဲ နေရာယူခဲ့ရာမှ ဒီဇင်ဘာလ စတုတ္ထပတ်ထဲမှာ PDF- Zoland နှင့် CDF CDM – Syin က ပူးပေါင်း၍ စတင်တိုက်ခိုက်ကာ သိမ်းပိုက်ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော် မြင့်မားသည့် ကနေဒီတောင်ပေါ်မှ စစ်တပ်စခန်းမှာ စစ်ရေးအရ အချက်အချာကျသည့် နေရာတစ်ခုဖြစ်သောကြောင့် အာဏာသိမ်း ၅ နှစ်တာအတွင်း စစ် ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တွေကြာ အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်ခြင်းများ ဖြစ်ပွားနေသည်ဟု သိရသည်။

