(006SV)
ကရင်နီအမျိုးသားတော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားခြင်းသည် တိုင်းရင်း သားလူမျိုးများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး မှာ ကြီးမားသော ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။
ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ချင်းပြည် (Chinland) ကောင်စီက ဩဂုတ်လ ၃၁ ရက်က ပေးပို့ရာတွင် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။
လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း ဦးအောင်ဆန်းမြင့်သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင်၊ တိုင်းရင်းသားလူမျိုးများ ကောင်စီ၏ Coordinator ၊ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ ဥက္ကဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး စသည့် ကြီးလေးသော တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေချိန်မှာ ကွယ်လွန်ခြင်းဖြစ်သည်။
ဦးအောင်ဆန်းမြင့်၏ တော်လှန်ရေးတာဝန်ကျေပွန်မှု၊ အနစ်နာခံ ပေးဆပ်မှုများအပေါ် ဦးညွှန်ဂါရဝ ပြုပါသည်ဟု ချင်ပြည်ကောင်စီက ဆိုသည်။
ကရင်နီလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု ရှိပြီး တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆုံးရှုံးမှု ကြီးမားသည်ဟု သိရသည်။
ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းသည် ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ယနေ့ ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်သည်။
“သူ၏ ဘဝတလျှောက်လုံး ကရင်နီပြည်၏ နိုင်ငံရေး၊ တော်လှန်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများတွင် အဓိက အုပ်မြစ်ချခဲ့သူတစ်ဦးဖြစ်ပြီး ကရင်နီပြည်သူနှင့် ပြည်သူတရပ်လုံး၏ မျှော်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်” ဟု ချင်းအမျိုးသားတပ်ဦးက ဆိုသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးပါလှ သော တော်လှန်ရေး အချိုးအကွေ့ကာလတွင် နိုင်ငံရေး အမြော်အမြင် ကြီးမားပြီး ရင့်ကျက်တည်ကြည်ကာ သဘော ထားပြည့်ဝသည့် တိုင်းရင်းသား ခေါင်းဆောင်ကြီးတစ်ဦးအား ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီလူမျိုးများအတွက် သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တော်လှန်ရေး အင်အားစုတရပ်လုံးနှင့် ပြည်သူလူထုအတွက်ပါ အစားထိုးမရနိုင် သော ကြီးမားလှသည့် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်သည်ဟု NUG အစိုးရကလည်း ထုတ်ပြန်ထားသည်။
ဦးအောင်ဆန်းမြင့်သည် ဩဂုတ်လ ၃၀ ရက် ညနေပိုင်းမှာ ကျောက်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၅ ရက်မှာ ကရင်နီပြည်နယ်စပ်တစ်နေရာတွင် မြေမြုပ်သင်္ဂြိုလ် မည်ဟု သိရသည်။

