(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်ဖွဲ့သည် ယနေ့အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျွန်းချောင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ်တချို့မီးရှိုသွားသည်ဟု သိရသည်။
ကလေးမြို့နည်းပညာတက္ကသိုလ်-GTC ကျောင်းဝန်းအတွင်းအခြေချတပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့သည် အင်အား ၁၀၀ ကျော်ဖြင့် ယနေ့တွင် ထောက်ကြံရွာမြောက်ဖက် ကျွန်းချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တချို့ကို မီးရှိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“မနေ့က တနေကုန်မြောက်ဖက်ကနေ နည်းပညာ တက္ကသိုလ်ဖက်ကို ကား (၁၅) စီးနဲ့ လက်နက်ခဲယမ်းတွေ၊ အမြောက်တွေကော ပါတယ်။ ဒီမနက်တော့ ဒရုန်းတွေနဲ့ ဗုံးတွေချနေတယ်၊ ဒရုန်းနဲ့ ချလိုက် ပစ်လိုက် တိုးလိုက်ပဲ” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ (၂၆) ရက်နေ့လယ်ပိုင်းမှာ ကလေးမြို့မှ စစ်ကား (၂၁) စီးဖြင့် လက်နက်ခဲ ယမ်း၊ ရိက္ခာများနှင့် အင်အားအများအပြားကို နည်းပညာတက္ကသိုလ်ဝန်းအတွင်း ဖြည့်တင်းခဲ့သည့်အပြင် ညနေပိုင်းတွင် သံပြားကာ (၃) စီးအပါအဝင် ကားကြီး (၁၀) စီးဖြင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများ၊ ၁၂၀ မမ၊ ၁၀၅ မမ လက်နက် ကြီးများနှင့် ဆက်စပ်ကျည်သေတ္တာများဖြည့်တင်းခဲ့သည်ဟု သိရသည်။
ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းပြီးနောက် ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာက ပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

