(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၉၀,၀၀၀ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့်အတူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ၌ ပါဝင်သူ အမျိုးသားနှစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC MYANMAR) ၏ ယမန်နေ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်အနီးတွင် မျိုးကို မောင်းနှင်လာသည့် TOYOTA HILUX DOUBLE CAB မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ခြင်းဟု ဆိုသည်။
ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၉၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇,၂၅၀ နှင့်အတူ မြန်မာငွေကျပ် ၂ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား သက်သေများအား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိမှုမှ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ ဇော်လင်းအောင် (ခ) ကိုငယ်လေး (ခ) ကိုဆတ် အား လှိုင်သာယာရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဖမ်းခံရသူ အသက် ၃၀ နှစ်ရှိ မျိုးကို နှင့် အသက် ၂၃ နှစ်ရှိ ဇော်လင်းအောင် (ခ) ကိုငယ်လေး (ခ) ကိုဆတ် တို့နှစ်ဦးကို ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ပါဝင်ပတ်သက်သူ ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
