(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ (၁၆) နေ့က စစ်ထောက် ပို့လေယာဥ်ဖြင့် စစ်အင်အားအများအပြား ပို့ဆောင်ကာ အင်အားဖြည့်တင်းနေသည်ဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးမြို့ လေဆိပ်တွင် ယမန်နေ့က Y- 8 စစ်ထောက်ပို့လေယာဥ်ဖြင့် (၄) ကြိမ်၊ ATR-72 ဖြင့် (၁) ကြိမ် ဆင်းသက်ခဲ့ကာ စစ်အင်အားအများအပြား ချပေးခဲ့ခြင်းဖြစ််သည်။
“စစ်အင်အားက ရာနဲ့ချီပြီးလာချတယ်လေယာဉ်နဲ့ သူတို့က ဒီ (၁၂) လပိုင်းကို ကလေးကနေ တမူးအထိ အရောက် ဆိုပြီးမှ အကုန်လုံးပြန်သိမ်းမယ်ဆိုပြီးမှ ကြွေးကြော်ထားတာ။ အဲ့တာကြောင့် စစ်အင်အားတွေက အခုမှချတာမဟုတ်ဘူး အရင်နေ့တွေကလည်း ချတာ။ အခုကြားတာက မြောက်ပိုင်း တောက်လျှောက်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်” ဟု ကလေးမြို့က စစ်ကော်မရှင်တပ်ဖွဲ့ လှုပ်ရှားမူ စောင့်ကြည့်နေသူက ပြောသည်။
ထိုသို့ အင်အားဖြည့်တင်းလာသော တပ်သားများကို စစ်ကားကြီး (၁၁) စီး ဖြင့် တင်ဆောင်ကာ ကလေးမြို့မြောက်ပိုင်းသို့ ပို့ဆောင်မောင်း နှင်သွားသည်ဟု မြို့ခံများက ပြောသည်။
ကလေးမြို့မြောက်ပိုင်းသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားအများအပြား စစ်ကြောင်းထိုးသည်ဟု သတင်းများ ကြောင့် ကလေး- ခမ်းပတ် တစ်လျှောက်ရှိ ပြည်သူများအား ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များ ဖက်က ကြိုတင်စစ်ဘေးတိမ်းရှောင််ရန် သတိပေးခြင်းများ ရှိသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးမြို့သို့ စစ်အင်အား အများအပြား ဖြည့်တင်းနေခြင်းသည် ကလေးနယ်မြောက်ပိုင်း – တမူး အပါအဝင် ကလေး-ဂန့်ဂေါ လမ်းမကြီးအား အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်သည့်အပြင် စစ်ရေးလှုပ်ရှားမူများ ပြုလုပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိထားရန် လိုအပ်သည်ဟု စစ်ရေးစောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

