(004SS)
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်ရှိ Zomi Youth Association-ZYA ဌာနချုပ်ဝန်းအတွင်း မော်တော်ယာဉ် တိုက်မိမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ အစ်ကိုဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာဇာတိဖြစ်ပြီး ZYA Head Quarter ဝန်းအတွင်းနေထိုင်သူ Pa Dal Sian Mang နှင့် Nu Ciin Thawn Cing တို့၏ သားဖြစ်သူ ၁၁ နှစ်အရွယ် မောင်ထန်လမ်ကိမ်း ဟု သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက်က မောင်ထန်းလမ်ကင်း နှင့် အစ်ကိုဖြစ်သူ မောင်ဇမ်ကင်းမုန်း တို့ ရေချိုးနေစဉ် ZYA ရုံးကားတစ်စီးသည် ရေချိုးဆောင်ဘက်သို့ ဦးတည်ဝင်ရောက်လာကာ အရှိန်မထိန်းနိုင်ဘဲ ညီအစ်ကိုနှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့ ခြင်းဟု ကနဦးသိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မောင်ထန်းလမ်ကင်းမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူ မောင်ဇမ်ကင်း မုန်းမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးနေရကြောင်း ကလေးမြို့ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါ မော်တော်ယာဉ်သည် ဝန်းအတွင်းရှိ ခြံစည်းရိုးနှင့် အဆောက်အအုံများကိုလည်း ဝင်ရောက်တိုက်မိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် ZYA တာဝန်ရှိ သူများထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

