(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်တွင် ဇန်နဝါရီလ ၄ ရက် လွတ်လွပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အကျဉ်းသား ၂၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မျှ ပါဝင် ခြင်းမရှိကြောင်း သိရသည်။
ကလေးမြို့က နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူက “ အယောက် (၂၀) ကျော်လွတ်တယ်၊ဒါပေမယ့် နိုင်ငံရေးသမား တယောက်မှမပါဘူး၊ တနိုင်ငံလုံးမှာလဲ နိုင်ငံရေးသမားမပါသလောက်ပဲပေါ့။ ခိုးဆိုး လုယက်မှုနဲ့ တခြားအမှုတွေ အမှု (၁၃) မှုနဲ့ အမှုကြီးတွေလဲမပါဘူး လူသတ်မူ၊နိုင်ငံရေးအမူ၊ အကြမ်းဖက်ပုဒ်မတပ်ခံ ထားရတာတွေမပါဘူး၊ ” ဟု ပြော သည်။
ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံတစ်ဝန်း အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံ လျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ လူဦးရေ စုစုပေါင်း ၆၁၃၄ ဦး၊ နိုင်ငံခြားသား အကျဉ်းသား၊ အ ကျဉ်းသူ ၅၂ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကော် စီက ထုတ်ပြန်ထားသည်။
လက်ရှိ ကလေးမြို့၊ မော်လိုက်ကလေး အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်း သားများအပါအဝင် အချုပ်သား၊ အကျဉ်း သားများသည် စားသောက်ရေးပိုင်းတွင် ပိုမိုခက်ခဲလာကြသည်ဟု သိရသည်။
“အပြင်ကမိသားစုတွေတောင်မှ စီးပွားရေး ခက်ခဲ ကြပ်တည်းလာပြီး စားဝတ်နေရေးအဆင်မပြေတော့ ထောင်ထဲ ကသူတွေလည်း အဲ့ဒဏ် ကိုရိုက်ခတ် တာပေါ့။ တချို့ဆိုရင် ထောင်ဝင်စာကို (၃) လမှ (၁) ကြိမ်ပဲ လာတော့တာ အပြင်က နိုင်ကျဉ်းမိသားစု တွေလည်း ခက်ခဲကြတယ်။ တကယ်ဆိုရင် ထောင်ဝင်စာက တစ်လမှာ (၂) ကြိမ်ပို့လို့ရတယ်။ စစ်ကောင် စီက အကျဉ်းထောင်မှာ အကျဉ်းသားတယောက်ကိုချပေးတဲ့ သုံးတဲ့ ငွေပမာဏက ဒီအတိုင်းကဒီတိုင်းပဲ ကုန်ဈေးနှုန်းက တက်တယ်ဆိုတော့ အသားဟင်းကျွေးတာ အရင်တုန်းက (၄) နပ်ဆိုရင် အခုက (၂) နပ် ပဲကျွေးတာ ဒါတောင်မှ ဖြစ်သလို သေးသေးလေးပဲ၊ ကြက်ဥ ကျွေးတယ် တော်တော်လေး အစားသောက် ခက်ခဲလာတယ် အထဲက နိုင်ကျဉ်းတွေ။” ဟု ကလေးမြို့က နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူက ပြောသည်။
ကလေးမြို့၊ မော်လိုက်ကလေးအကျဉ်းထောင်တွင် အကျဉ်းသား စုစုပေါင်း လူဦးရေ (၁၆၀၀) ခန့်ရှိသည်ဟု သိ ရပြီး နိုင်ငံရေးအကျဉ်းသား လူဦးရေ စုစုပေါင်း (၅၀၀) ကျော်ခန့်ရှိသည်ဟုသိရသည်။

