(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သော Carmel တောင် (ဆုတောင်းတောင်) ပေါ်တွင် ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေနေ့) က တောင်တက်လူငယ်တစ်စုနှင့် တောင်စောင့်မှူးတို့ အငြင်းပွားရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စလုံးတွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် လူငယ် ၄၊ ၅ ယောက်ခန့် Carmel တောင်ပေါ်သို့ တက်ရောက်ခဲ့ကြရာ တောင်ထိပ် မရောက်မီ နားနေဆောင်အရောက်တွင် တောင်စောင့်မှူးနှင့် အချေအတင် စကားများရာမှ ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဟု ဆိုသည်။
“ တနင်္ဂနွေနေ့မှာ လူငယ်တွေကတောင်တက်တော့ တောင်စောင့်တဲ့ဦးလေးက နင်တို့ဘာလို့ တနင်္ဂနွေနေ့ကြီး တောင်လာ တက်ကြတာလဲ။ ဘုရားကျောင်းမသွားကြဘူးလားလို့မေးတယ်တဲ့။ ဒါနဲ့ လူငယ်တွေနဲ့ စကားများကြပြီး အဲလူငယ်တွေက တောင်စောင့်ဦးလေးကို ဝိုင်းရိုက်ကြတော့ အဲဒီဦးလေးကလဲ သူ့ဓါးထုတ်ပြီး ခုတ်မိရာခုတ်လိုက်တာနဲ့ အဲလိုဖြစ်သွားကြ တာ။” ဟု ကလေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် လူငယ်များဘက်မှ ထွက်ဆိုချက်အရ တောင်စောင့်အမျိုးသားသည် ဆေးသုံးထားသလားဟုပင် ယူဆကြောင်း၊ ၎င်းက ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ လူငယ်တစ်ဦးမှာ ပါးစောင်းတွင် ၆ ချက်နှင့် လက်တွင် ဓားဒဏ်ရာများ ရရှိခဲ့ပြီး၊ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းတွင် ဓားဒဏ်ရာ ၅ ချက်ခန့် ရရှိခဲ့ကြောင်း ဆိုသည်။
သို့သော် တောင်စောင့်မှူးနှင်း နီးစပ်သူများ ဖော်ပြချက်အရ အချင်းချင်း စကားများခဲ့ကြကြောင်း၊ လူငယ်များဘက်မှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အဆိုပါအမျိုးသားမှာလည်း ဦးခေါင်းတွင် ချုပ်ရိုး ၂၀ နီးပါးခန့်ရှိသော ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။
ထိုသို့ အသီးသီး ဒါဏ်ရာရရှိကြသော်လည်း အသက်အန္တရယ်မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါ ဆုတောင်းတောင်ပေါ်တွင် တောင်တက်သူများ လိုက်နာရန် စည်းကမ်းချက်များကို ဗီနိုင်းဖြင့် ကြေညာထားပြီး ၎င်းစည်းကမ်းချက်များတွင် Carmel တောင်သည် ဘုရားသခင်၏ သန့်ရှင်းသောနေရာ ဖြစ်သဖြင့် အပျော်ခရီးလာရန် မသင့်လျော်ကြောင်းနှင့် အဆောင်အတွင်း ကျယ်လောင်စွာ ရယ်မောခြင်း၊ စကားပြောခြင်းများ မပြုလုပ်ရန် တားမြစ်ထား သည်။ ထို့ပြင် အိမ်မွေးတိရစ္ဆာန်များ ခေါ်ဆောင်ခြင်း၊ ဟင်းချက်စားသောက်ခြင်း၊ ဆေးလိပ်၊ ကွမ်းယာနှင့် မူးယစ်ဆေးဝါး ယူဆောင်သုံးစွဲခြင်းများကိုလည်း လုံးဝ (လုံးဝ) ခွင့်မပြုကြောင်း ဖော်ပြထားသည်။

