(006SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများသည် အကျဉ်းသားများထံမှ လာဘ်ယူ ခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။
ကလေးအကျဉ်းထောင်တွင် လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးက ဦးဆောင်၍ အကျဉ်းသားများကို ငွေညှစ်၍ အခန်းပြောင်း၊ အိပ်ဆောင်ပြောင်းခြင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသကဲ့သို့ ကွမ်းပေါင်းနှင့် သီးနှံများရောင်းချခြင်းတို့ကို ပုံမှန်ထက် ၃ ဆတင်ပြီး ရောင်းချနေသည်ဟု PPNM က ယနေ့ ဇန်နဝါရီလ ၂၂မှာ ထုတ်ပြန်သည်။
လက်ရှိတွင် အကျဉ်းသားများအပေါ်တွင် ကျဉ်စက်အသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်လာကြောင်း၊ ယခင် ကလည်း အကျဉ်းသားတစ်ဦးကို ခေါင်းကွဲအောင် ရိုက်နှက်ခဲ့ဖူးပြီး အရေးယူခံရခြင်း မရှိခဲ့ကြောင်း သိရသည်။
ကလေးအကျဉ်းထောင်သည် အကျဉ်းသားစားနပ်ရိက္ခာများကို လောက်ငှအောင် မပေးတော့သည့်အပြင် ဖြတ်ယူ စားသောက်နေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများသည် မိမိစားရိတ်ဖြင့် မှာယူစားသောက်နေရပြီး မိသားစုနှင့် အပေါင်းအသင်းများမှ ပေးပို့လာသော ပါဆယ်များကိုလည်း ထောင်အရာရှိများက ခေါင်းပုံဖြတ်စားနေသည်ဟု PPNM က ထုတ်ပြန်သည်။
ထောင်ဝင်စာ လာသော ပါဆယ်များကို တာဝန်သယ်ဆောင်ရန် လက်ထောက် ကြီးကြပ်ရေးမှူးရုံးသည် မူးယစ် ဆေးဝါးမှုဖြင့် အကျဉ်းကျနေသူ တွေကို အသုံးပြု၍ အကျဉ်းသား ရိက္ခာများကို ဖြတ်ယူနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကဖော်ပြထားသည်။

