(002MG)
အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းကြောင်းပေါ်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ် ထားသည့် တမူးခရိုင်၊ ထင်းဇင်းကျေးရွာကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။
ကလေး-တမူးလမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်သည် ဇွန်လ ၇ ရက်နေ့ကစ၍ တမူး နှင့် ကလေးမြို့ဘက်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ကြားညှပ်ပြီး လေကြောင်းတိုက်ခိုက်မှု အပါအဝင် မြေပြင်သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။
တမူးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် ရန်လင်းဖိုင် ကျေးရွာ နှင့် ဒေသတစ်ဝိုက်၊ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် ကလေး-တမူးလမ်း ကြောင်း တစ်လျှောက်ရှိ မြို့၊ ရွာများအား ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာမှာ ဇူလိုင်လ (၂၇) ရက် ယမန် နေ့ ညနေပိုင်းတွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာ ဟောင်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်တပ်၏ ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့၊ ကနန်ကျေးရွာနှင့် အနီးဝန်းကျင် ဒေသ များအား NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက် နေ့တွင် သိမ်းပိုက် ထိန်းချုပ်ခဲ့သော်လည်း လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က အများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်။
အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ကြောင့် ကလေး – တမူး ကားလမ်းပေါ်ရှိ ခမ်းပတ် မြို့အား ဇွန်လ (၂၀) ရက်၊ ကနန်ကျေးရွာကို ဇွန်လ (၃၀) ၊ ကမ္မကြီး (ချင်း) ရွာကို ဇူလိုင် (၁၉)၊ ကမ္မကြီး (ဗမာ) ကျေးရွာ ကို ဇူလိုင် (၂၁) ရက်နေ့တို့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်လက်လွတ်ခဲ့ရပြီး ယခုအခါ ထင်းဇင်ရွာ သစ်နှင့် ထင်းဇင်ရွာဟောင်းတို့ကို ထပ်မံလက်လွတ်ရခြင်းဖြစ်ကြောင်း သိရသည်။
Photo- MOI

