(005MK)
စစ်ကိုင်းတိုင်း ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့သို့ ခရီးသွားလာစဉ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့ကတည်းက ပျောက်ဆုံးသွားသည့် ကယ်တင်ခြင်းတပ်အသင်းတော် (Salvation Army) ပါစတာ ဇနီးမောင်နှံကို ယနေ့ချိန်ထိ ရှာမတွေ့ကြသေးကြောင်း သိရသည်။
ကလေးမြို့နယ် လက်ပံချောင်းကျေးရွာမှာ တာဝန်ထမ်းဆောင်နေကြသော ကယ်တင်ခြင်းတပ်အသင်းတော် ပါစတာ Maj. Lalthanmawia နဲ့ ဇနီးဖြစ်သူ Maj. Rualthanpuii တို့သည် မီဇိုရမ်ပြည်နယ်သို့ ခရစ္စမတ်အသုံးပြုရန် ဒီဇင်ဘာ လ ၁၉ ရက်နေ့က ကလေးမြို့မှ ဆိုင်ကယ်ဖြင့်ထွက်ခွါလာခဲ့ရာ ပျောက်ဆုံးခဲ့ကြခြင်းဖြစ်သည်။
မိသားစုဝင်များကလည်း လက်လှမ်းမှီသရွေ့ လိုက်လံစုံစမ်းခဲ့ကြသော်လည်း ယနေ့ ချိန်ထိ မည်သည့်သတင်းအစအနမှ မသိရှိကြကြောင်း သိရသည်။
ပါစတာဇနီးမောင်နှံပျောက်ဆုံးမှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ကလည်း မြန်မာနိုင်ငံက စစ်ကော်မရှင်တာဝန် ရှိသူများထံ ဆက်သွယ်မေးမြန်းကာ စစ်တပ်ဘက်က ထိုကဲ့သို့ဖမ်းဆီးမှုမျိုးမရှိကြောင်း တုန့်ပြန်ခဲ့သည်ဟု မီဇိုရမ် ဒေသတွင်း သတင်းမှာဖော်ပြသည်။
ချင်းပြည်နယ်ဘက်က တော်လှန်ရေးတပ်ဖွဲ့များထံတွင်လည်း မီဇိုရမ်ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းခဲ့သော်လည်း အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်၍ သိရှိထားခြင်းမရှိကြောင်း ပြောဆိုခဲ့ကြသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကပြေသည်။
ခရစ်ယာန်ပါစတာဇနီးမောင်နှံသည် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့ကို ကလေး-သိုင်းငင်းလမ်းအတိုင်း ဆိုင်ကယ် ဖြင့် တက်လာခဲ့ပြီး စစ်တပ်က ဖမ်းဆီးထားခြင်းဖြစ်နိုင်သကဲ့သို့ လမ်းခရီးတွင် ဆိုင်ကယ်မတော်တဆမှုကြုံရခြင်းလည်းဖြစ်နိုင်သည်ဟု နီးစပ်သူများကယူဆနေကြသည်။

