(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ရာမှာ အဓိကအသုံးပြုသော ကလေး-သိုင်းငင်း လမ်းပိုင်းကို စစ်ကော်မရှင်တပ်က ပြန်လည်ပိတ်ပင်လိုက်ကြောင်း သိရသည်။
ယင်းသို့ ပိတ်ပင်မှုကြောင့် ကလေး-တီးတိန် လမ်းပိုင်းတွင် ယာဉ်အဝင်အထွက်များ ရပ်တန့်နေသည်မှာ ယနေ့ဆိုလျှင် (၃) ရက်ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ခိုင်ကမ်းမြို့ (၉) မိုင်ဂိတ်မှတစ်ဆင့် ကလေး-သိုင်းငင်းလမ်းပိုင်းနှင့် (၈) မိုင်ဂိတ်မှတစ်ဆင့် ကလေး-ပိန်းပိ လမ်းပိုင်းတို့ကိုပါ စစ်ကော်မရှင်တပ်က အသီးသီး ပိတ်ပင်ထားခြင်းဟု သိရသည်။
“စနေနေ့ မနက်ပိုင်းက အတက်ဆိုင်ကယ်တွေပဲ ပေးဖြတ်တယ်။ ကားတွေတော့မရဘူး။ အဆင်းကတော့ အကုန်လုံးကို ဖြတ်ခွင့်ပြုတယ်။ ညနေကစပြီးပိတ်တော့တာပဲ အခုထိပဲ တီးတိန်တက်ချင်တာမရဘူး။” ဟု ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လမ်းပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများနှင့် ကုန်သည်များမှာ လမ်းခရီး၌ အခက်တွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။
ကလေး-သိုင်းငင်း လမ်းပိုင်းကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းမှ ၈ ရက်နေ့အထိ (၁) ရက်ကြာ အတက်အဆင်း ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် သိုင်းငင်းဂိတ်တွင် စစ်ကော်မရှင်တပ်သားများက ဂိတ်ကြေးအဖြစ် ငွေကျပ်သိန်းနှင့်ချီ၍ ကောက်ခံနေခြင်းကြောင့် ကုန်တင်ကားကြီးများနှင့် ဆိုင်ကယ်အချို့သာ သွားလာနိုင်ခဲ့ပြီး၊ လူစီးဂျစ်ကားငယ်များမှာ ဂိတ်ကြေးမပေးရသည့် အခြား ရှောင်ကွင်းလမ်းများကိုသာ အသုံးပြုခဲ့ကြရသည်။
ယခုအခါ အဆိုပါ ရှောင်ကွင်းလမ်းများဖြစ်သော သိုင်းငင်းလမ်းနှင့် ပိန်းပိလမ်းပိုင်းများကိုပါ စစ်ကော်မရှင်တပ်က ထပ်မံပိတ်ပင်လိုက်ခြင်းကြောင့် ဒေသတွင်း သွားလာရေး လုံးဝပြတ်တောက်လုနီးပါး ဖြစ်ပေါ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

