(004SS)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အတွင်း နိုင်ငံခြားသားများ အများဆုံးနေထိုင်ရာနှင့် သွားလာရာနေရာများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှု ရှိ၊ မရှိ သေချာစေရန်အတွက် မတ်လ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ (၂၄) နာရီပတ်လုံး အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Datuk Zakaria Shaaban က ယခုစောင့်ကြည့်မှုသည် နိုင်ငံခြားသားများ အနေဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို လိုက်နာမှုရှိစေရန်အတွက် ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း မလေးရှားရောက် ချင်းဒုက္သသည်အဖွဲ့အစည်းတစ်ခုဖြစ်သော ACR က ဖော်ပြထားသည်။
ထို့အပြင် အများပြည်သူ ဘေးကင်းလုံခြုံရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေးအတွက် နိုင်ငံခြားသားများနှင့် ခရီးသွားများ ကို အစဉ်တစိုက် စောင့်ကြည့်သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စောင့်ကြည့်စစ်ဆေးမည့် နယ်မြေများတွင် KLCC, TRX, SOGO, Pavillion, Bukit Bintang, Central Market, Petaling Street, Kotaraya, Masjid India, Chow Kit နှင့် Kampung Baru တို့ ပါဝင်သည်။
ထို့အပြင် အဓိကလမ်းမကြီးများဖြစ်သော Jalan Ampang, Jalan Sultan Ismail, Jalan Imbi, Jalan Kia Peng, Jalan Changkat, Jalan Alor, Jalan Pudu, Jalan Silang, Jalan Tun H.S Lee, Jalan Raja Laut နှင့် Jalan Masjid India တို့တွင်လည်း အနီးကပ် စောင့်ကြည့်သွားမည်ဟု သိရသည်။
မလေးရှားရောက် ချင်းအမျိုးသားတစ်ဦးက “အခုလောလောဆယ်ကတော့ အလုပ်သွားတာ ဘာညာ ဘာမှပြသာနာတော့ မရှိသေးဘူး။ အခု မူစလင်ပွဲတစ်ခုရှိတယ် ဒီပွဲ ပြီးသွားရင်တော့ ကျွန်တော်တို့ ချင်းလူမျိုးတွေ နေတဲ့ နေရာ ၇/၈ လောက်ကို operasi ဝင်စစ်မယ်လို့တော့ ပြောတယ်။ ဆိုတော့ အဓိက ကျွန်တော်တို့ ချင်းလူမျိုးတွေ မူးယစ်သောက်စားတာ သတိထား ရပါမယ်။ ဖြစ်နိုင်ရင် သပ်သပ်ရပ်ရပ်နေပြီး သတိရှိရှိသွားလာကြဖို့ လိုတယ်။ နောက် အိမ်နီးနားတွေအတွက် အနှောက် အယှက်မဖြစ်ဖို့ သတိထားသင့်တယ်” ဟု ပြောသည်။
ထို့အပြင် မိိမကိုင်ဆောင်ထားသော အသိအမှတ်ပြု ကဒ်ပြားများကို ကိုယ်နှင့်အတူ အမြဲတမ်းယူဆောင်ကြရန်လည်း တိုက်တွန်းထားသည်။
အဆိုပါ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွင် ရာထူးအသီးသီးမှ လူဝင်မှုကြီးကြပ်ရေးအရာရှိ အင်အား (၅၀) ခန့် အဖွဲ့နှစ်ဖွဲ့ခွဲကာ နံနက် (၁၀) နာရီမှ ည (၁၀) နာရီအထိ တစ်သုတ်၊ ည (၁၀) နာရီမှ နောက်တစ်နေ့ နံနက် (၁၀) နာရီအထိ တစ်သုတ်ဖြင့် (၂၄) နာရီပတ်လုံး အလှည့်ကျ တာဝန်ယူ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

