(006SV)
ချင်းနှင့် ကချင်တို့၏ ညီရင်းအစ်ကို ဖြစ်တည်မှုကို ပိုမိုခိုင်မာ အားကောင်းစေပြီး ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေ စီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွ လက်တွဲဆောင်ရွက်မည်ဟု ချင်းအမျိုး သားတပ်ဦး (CNF) က ထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၁၀ ရက်မှာ ကျရောက်သော ၅၁ နှစ်ပြည့် ကချင်အာဇာနည်နေ့သို့ ပေးပို့သော ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ၏ သဝဏ်လွှာတွင် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
KIO/ KIA အနေဖြင့် ကချင်အာဇာနည် ခေါင်းဆောင်ကြီးများ လမ်းညွှန်ချမှတ်ခဲ့သော တော်လှန်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်သို့ ဆောလျင်စွာ ရောက်ရှိနိုင်ရေးအတွက် ဦးဆောင်ဦးရွက် ပြုနိုင်ပါ စေကြောင်း CNF ၏ သဝဏ်လွှာမှာ ရေးသားထားသည်။
ယနေ့ အောက်မေ့ဂုဏ်ပြုဖွယ် နေ့ထူးနေ့မြတ်တွင် ကချင်အမျိုးသားတော်လှန်ရေးတိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ကြသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းတို့ကို ဂုဏ်ပြုဦးညွှတ်ပါသည်ဟု ထုတ်ပြန်ထားသည်။
KIO/ KIA ကို စတင်ဖွဲ့စည်း ထူထောင်သူများထဲတွင် ပါဝင်သော ဥက္ကဌ နှင့် စစ်ဦးစီးချုပ် Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် Lahtaw Zaw Tu နှင့် အထွေထွေ အတွင်းရေးမှူး Salang Kaba Pungshi Zau Seng တို့ ကျဆုံးခဲ့သော ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

