(006SV)
ချင်းပြည်နယ်ရှိ မဲဆန္ဒနယ်များမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ် ၈ ဦးနှင့် ချင်းပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၁ ဦးတို့ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဟူ၍ အာဏာသိမ်းစစ်ကော်မရှင်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

ချင်းပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အတွက် ဇိုမီးအမျိုးသားပါတီက ၃ ဦး၊ ကြံ့ခိုင်ရေးပါတီက ၅ ဦး အနိုင်ရရှိပြီး ချင်းပြည်နယ်လွှတ်တော်အတွက် ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁ ဦး၊ ဇိုမီးအမျိုးသားပါတီက ၄ ဦး၊ ကြံ့ခိုင်ရေးပါတီက ၆ ဦး အနိုင်ရရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။
မဲအများဆုံးရသူ အနိုင်ယူစနစ်အရ အနိုင်ရရှိသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဇိုးမီအမျိုးသားပါတီမှ ဦးပေါင်လွန်းမင်ထန်နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးထလာထန်းတို့က အနိုင်ရရှိသည်ဟု သိရသည်။

အချိုးကျကိုယ်စားပြုစနစ်အရ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၁ တွင် ကြံ့ခိုင်ရေးပါတီမှ ဦးကျင့်တုန်းမန်၊ ဦးကီးပိုင်း၊ ဦးအောင် မင်းနိုင်၊ ဦးဇော်လွန်းအောင်နှင့် ဇိုမီးအမျိုးသားပါတီမှ ဒေါ်ကျိန်ငိုက်မန်နှင့် ဦးနန်ခင်းဇမ်တို့ အနိုင်ရရှိသည်ဟု သိရသည်။
တိုင်းနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ချင်းပြည်နယ်လွှတ်တော်အတွက် မဲအများဆုံး ရသူ အနိုင်ယူစနစ်အရ ဇိုမီးအမျိုးသားပါတီက ပေါင်ဇလန်းနှင့် ကြံ့ခိုင်ရေးပါတီက ဒေါက်တာဝုန်ဆွန်းထန်တို့က အနိုင်ရရှိသည်ဟု ရွေးကော်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန်သည်။
ချင်းပြည်နယ်လွှတ်တော်အတွက် အချိုးကျ ကိုယ်စားပြုမှုတွင် ကြံ့ခိုင်ရေးပါတီမှ ဦးကောလ်လျန်ထန်း၊ ဦးဆန်အုပ်မန်း၊ ဦးသန့်စင်ဦး၊ ဦးတင်ကာကျင်၊ ဦးအောင်ကျော်ဌေး၊ ဇိုမီးအမျိုးသားပါတီမှ ဦးထန်ရှင်းထောင်း၊ ဦးဇမ်းရှင်ဒါလ်း နှင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးဝမ်းလျန်းထန်တို့ အနိုင်ရရှိသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း ၁ ကို ချင်းပြည်နယ်က ဟားခါးနှင့် တီးတိန်အပါအဝင် နိုင်ငံတဝန်းက မဲဆန္ဒနယ်ပေါင်း ၁၀၀ ကျော်တွင် အာဏာသိမ်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည်။
စစ်ကော်မရှင် ဦးဆောင်ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ အပိုင်း ၂ နှင့် ၃ တို့တွင် ချင်းပြည်နယ်ရှိ ကျန်ရှိသော မြို့နယ် ၇ ခုကို ကျင်းပနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ချင်းတော်လှန်ရေး အင်အားစုများသည် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်၍ ကန့်ကွက်ဆန့်ကျင်ကြောင်း ကြေညာပြီး ပူးပေါင်းပါဝင်သူများကို အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
