(004SS)
အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထောင်ချခဲ့သော ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည် ကင်ဆာရောဂါကြောင့် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှသိရသည်။
အသက် ၃၂ နှစ်အရွယ် Salai Van Ceu Thawng သည် ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်မှာ အကြိတ်ကင်ဆာရောဂါခံစား နေရကြောင်းသိရှိကြပြီး ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူစဉ် စက်တင်ဘာ ၁၃ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ထောင်ကလွတ်လာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာပဲ ကျန်းမာရေး သွားစစ်တာပါ။ ကလေးမြို့က ဆရာဝန်တွေက ရန်ကုန်ကို လွှဲလိုက်လို့ ရန်ကုန်ဆေးရုံမှာ စစ်ဆေးချက်အရ နှလုံးနဲ့ အဆုတ်ကြား အရေးကြီးတဲ့နေရာမှာ အကြိတ်ရှိနေတာ တွေ့ရ တယ်။ ချက်ချင်းခွဲဖို့ အဆင်မပြေလို့ ၆ လအတွင်း ကင်ဆာဆေးသွင်းပြီးမှ ၂၀၂၆ ဇူလိုင် ၃၁ ရက်မှာ ခွဲစိတ်ခဲ့တာပါ။ အဲဒီနောက် ဆေးရုံကို ထပ်ခါထပ်ခါ ပြန်ပြခဲ့ရပေမဲ့ မကောင်းလာတော့ဘဲ စက်တင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲမှာ ဆုံးသွားခဲ့တာပါ” ဟု ဆွေမျိုးတော်စပ်သူ အစ်ကိုဖြစ်သူက ပြောသည်။
ကွယ်လွန်သူ Salai Van Ceu Thawng သည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ဟားခါးမြို့ရှိ ဖွံဖြူးရေးလုပ်ငန်း လုပ်ကိုင်သည့်ရုံးတစ်ခုတွင် COVID-19 ပရောဂျက်မှာ တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ ကလေးမြို့အကျဉ်း ထောင်သို့ပို့ဆောင်ခဲ့ပြီး စစ်ကြေရေးတွင် နှိပ်စက် ခံထားရသည့် အတွင်းဒဏ်ရာများလည်းရရှိခဲ့သည်ဟုသိရသည်။
ဆေးဝါးကုသမှုခံယူရန် ထောင်အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့သည့်အတွက် ထောင်ထဲတွင် ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
ကလေးမြို့ အကျဉ်းထောင်ထဲတွင် ၅ နှစ်နီးပါး ထိန်းသိမ်းခံရပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ထောင်မှလွတ်မြောက်လာပြီးနောက် အကြိတ်ကင်ဆာရောဂါရှိနေကြောင်း သိရှိကြပြီး ရန်ကုန်မြို့တွင် ခွဲစိတ်ကုသမှုခံကာ ဆေးဝါးကုသမှုခံယူနေစဉ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
Salai Van Ceu Thawng သည် ဟားခါးမြို့နယ် Hrawngvun ရွာဇာတိဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ခဲ့ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၁) ကျောင်းသားဟောင်းတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

