(006SV)
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ချင်းအမျိုးသားတက္ကသိုလ် (CNU)၏ မဟာဌာနများသည် ဒီပလိုမာသင်တန်းများ၊ အင်ဂျင်နီယာသင်တန်းများနှင့် ဥပဒေပညာသင်တန်းများကို စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။
ဖွင့်လှစ်မည့် သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိသူများ စာရင်းကြေညာခြင်းနှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၇ ရက် ထုတ်ပြန်ရာတွင် အသိပေးထားသည်။
ချင်းအမျိုးသားတက္ကသိုလ်၏ မဟာဌာနများမှ ဘွဲ့ကြိုပညာရေး ဒီပလိုမာသင်တန်း၊ ဘွဲ့လွန် ပညာရေးဒီပလိုမာ သင်တန်း၊ လုပ်ငန်းခွင် ပညာရေး ဒီပလိုမာသင်တန်း၊ လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနှင့် ဥပဒေပညာသင်တန်းများကို စတင်ဖွင့်လှစ်မည်ဟု သိရသည်။
အဆိုပါ သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားသော ကျောင်းသား/သူများအနေဖြင့် ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ခွင့်နှင့်ပတ်သက်၍ မိမိနှင့် သက်ဆိုင်ရာ မြို့နယ်/ ဒေသပညာရေး ရုံးများ သို့မဟုတ် နီးစပ်ရာ မြို့နယ်/ ဒေသပညာရေးရုံးများ သို့မဟုတ် ကျောင်းများတွင် ဆက်သွယ်စုံစမ်းနိုင်ပြီးဟု ချင်းပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ဝင်ခွင့်စာမေးပွဲ ဖြေဆိုလာချိန်တွင် ကျောင်းသား/သူများအနေဖြင့် မဖြစ်မနေ ယူဆောင်လာရမည့် စာရွက်စာတမ်း၊ အထောက်အထားများနှင့် သိရှိရမည့် အချက်များကိုလည်း နီးစပ်ရာ မြို့နယ်/ ဒေသပညာရေးရုံးများတွင်လည်း ဆက်သွယ်စုံစမ်းနိုင်ပြီဟု သိရသည်။

