(006SV)
ကလေး- ကဘော်- ဂန့်ဂေါအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – KKG ၊ တပ်ရင်း ၃ သည် ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသော ရဲဘော်များအား ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ရန် ကြေညာလိုက်သည်။
ခွင့်လွန်၊ ခွင့်မဲ့နေသော ရဲဘော်များအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထားပြီး တပ်ရင်းသို့ လူကိုယ်တိုင် လာရောက်၍ ပြန်လည်တာဝန်ထမ်းဆောင်ကြပါရန် CDF – KKG တပ်ရင်း ၃ က ဇန်နဝါရီလ ၂၅ ရက်မှာ ခွင့်လွန်၊ ခွင့်မဲ့ ရဲဘော်များနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။
သတ်မှတ်ကာလအတွင်း တပ်ရင်းသို့ ပြန်လည်တာဝန်ထမ်းဆောင်ခြင်း မရှိသော ရဲဘော်၊ ရဲမေများကို တပ်ပြေးအဖြစ် သတ်မှတ်မည်ဟု CDF – KKG တပ်ရင်း ၃ က ထုတ်ပြန်သည်။
တပ်ပြေးအဖြစ် သတ်မှတ်ခံရပါက ရောက်ရာအရပ်အထိ လာရောက်ဖမ်းဆီးကာ တပ်ရင်းမှ ချမှတ်ထားသော ပြစ်ဒဏ်အတိုင်း ပြင်းထန်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
CDF – KKG ၏ တော်လှန်ရေး ၄ နှစ်တာတွင် ကလေး- ကဘော်- ဂန့်ဂေါဒေသမှာသာမက အခြားဒေသများတွင်လည်း တိုက်ပွဲဝင်လျက်ရှိရာ တိုက်ပွဲပေါင်း ၄၀၀ ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ CDF – KKG Major Operation ကို ၂၀၂၅ နှစ်ဆန်းပိုင်းက မဟာမိတ်တပ်များနှင်းပူးပေါင်းဖော်ဆောင်ခဲ့ရာ ကလေး – ဂန့်ဂေါအကြားရှိ စစ်ကော်မရှင်စစ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
၄ နှစ်တာ တော်လှန်ရေးအတွင်း ရဲဘော် ၇၃ ဦးကျဆုံးရပြီး ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူနှင့် ဒဏ်ရာ ရရှိသူ ၁၅၀ ကျော် ရှိခဲ့သည်ဟု သိရသည်။

