(002MG)
စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း အမျိုးသမီး (၅၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၄ ဦးအထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ယနေ့ ဖေဖော် ဝါရီလ (၉) ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်ကော်မရှင်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၆) ဦး၊ လက်နက်ကြီးကြောင့် (၇) ဦး နှင့် မတရား သတ်ဖြတ်ခံရမှုကြောင့် (၂) ဦး စုစုပေါင်း ၅၅ ဦး တို့ အသက်ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။
အဆိုပါသေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၄) ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၂) ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။
ထို့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၁) ဦး၊ လက်နက်ကြီးကြောင့် (၃) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၅) ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် အမျိုး သမီး (၅) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းသည် အမျိုးသမီးသေဆုံးမှု (၂၀) ဦးဖြင့် အမြင့်ဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်တွင် (၁၀) ဦး၊ ကချင်ပြည် နယ်တွင် (၈) ဦး၊ ပဲခူးတိုင်း တွင် (၄) ဦး၊ မကွေးတိုင်းတွင် (၃)၊ မန္တလေးတိုင်းတွင် (၃) ဦး၊ တနသ်ာရီတိုင်းတွင် (၃) ဦး၊ မွန်ပြည်နယ်တွင် (၂) ဦး၊ ကရင်ပြည်နယ်တွင် (၁) ဦးနှင့် ချင်းပြည်နယ်တွင် (၁) ဦးတို့ သေဆုံးကြသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ (၂၂) ရက်နေ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်ဂျာရွာအား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် သေဆုံးသူများထဲတွင် အမျိုးသမီး (၈) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
စစ်ကော်မရှင်သည် ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်များအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများအား နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေသည့်ပြင် အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ ဝင်အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံများကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံးနေကြရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။

