(002MG)
စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အမျိုးသမီး (၈၀၀) နီးပါး ခန့်သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့သတင်းထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ တနှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝှမ်းတွင် အမျိုးသမီး (၇၉၂) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး (၈၁၅) ဦးရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်ဖွဲ့၏ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၆၂၁) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှု ကြောင့် (၁၀၂) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၃၉) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁၃) ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် (၆) ဦး၊ ပဋိက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် (၅) ဦးနှင့် ထောင်တွင်းဆေးဝါးကုသခွင့်မရ ရှိမှုကြောင့် (၃) ဦး နှင့် ကျည်ထိမှန်မှုကြောင့် (၃) ဦးတို့ သေ ဆုံးခဲ့ကြရကြောင်း ဖော်ပြထားသည်။
သေဆုံးသူအမျိုးသမီးများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၁၅၄) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၅) ဦး ပါဝင်သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ထုတ်ပြန်ထားသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် (၅၇၆) ဦး၊ ပဋိက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် (၂၆) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၆၄) ဦး၊ မြေမြုပ်မိုင်း ကြောင့် (၄၁) ဦး၊ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် (၅) ဦး ကျည်ထိမှန်မှုကြောင့် (၂) ဦးနှင့် သတ်ဖြတ်ခံရမှုကြောင့်(၁) ဦးတို့ ဖြစ်ကြသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ပါအဝင် အမျိုး မျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေ ခြင်းကြောင့် အမျိုးသမီးများ နေ့စဉ်သေဆုံးနေကြရသည်ဟုဆိုသည်။
စစ်ကိုင်းတိုင်းသည် အမျိုးသမီးသေဆုံးသူ (၂၁၇) ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ (၁၂၃) ဦး၊ ရခိုင်ပြည်နယ် မှာ (၁၁၉) ဦး၊ ရှမ်းပြည်နယ်မှာ (၈၁) ဦး၊ မကွေးတိုင်းမှာ (၆၉) ဦး၊ ချင်းပြည်နယ်မှာ (၈) ဦး သေဆုံးခဲ့ရ ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ အချက်အလက် ကောက်ယူမှတ်တမ်းအရ သိရသည်။

