(006SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာတွင် ရောက်ရှိနေသော စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင် တပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ကလေးခရိုင်အမှတ် ၄ တပ်ရင်းက ဒရုန်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။
စက်တင်ဘာလ ၁၅ ရက်က စစ်ကော်မရှင်တပ် ဦးစီးသော ကသည်းတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဗိုလ် ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင် တပ်စိတ် ၁ စိတ် သေဆုံးခဲ့သည့်အပြင် ဗိုလ်မှူး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ယနေ့ စက်တင်ဘာလ ၂၃ ရက်မှာ ကြေညာသည်။
နန်းစောင်းပုရွာကို စက်တင်ဘာလ ၅ ရက်က စတင် ထိုးစစ်ဆင် ဝင်ရောက်လာသော စစ်ကြောင်းတွင် အကြပ်လောင်းများဟူ၍ ယူဆရသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၆၀ ခန့် ရှိပြီး ထိခိုက်ကျဆုံးမှု များ၍ နောက်တန်းပြန်ပို့ထားသည်ကို သိရှိ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။
ကလေးမြို့ရှိ အမှတ် ၁၀ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက – ၁၀) တွင်လည်း ကသည်းလက်နက် ကိုင်တပ်မှ ဗိုလ်ကြီး ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၃၀ ခန့် အရာရှိ သင်တန်း တက်ရောက်နေသည်ဟု သိရသည်။
ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ကလေးမြို့သို့ ဩဂုတ်လက စတင်ရောက် လာခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့နယ်တွင် ယခင်က တော်လှန်ရေးတပ်ဖွဲ့များကို မကြာခဏ တိုက်ခိုက်သော ကသည်းလက်နက်ကိုင် တပ်ဖွဲ့သည် ယခု ကလေးမြို့သို့ ရွှေ့ပြောင်းသည်ဟု ယူဆရကြောင်း အမှတ် -၁ စစ်ဒေသထံမှ သိရသည်။
တမူးခရိုင်အတွင်းရှိ ကသည်းလက်နက်ကိုင် တပ်ဖွဲ့များမှာ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro) ၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ဖြစ်ပြီး ပူးပေါင်းအင်အား (၅၀၀) ကျော်ရှိသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံအတွင်းရှိ ကသည်းလက်နက်ကိုင်တပ်များသည် ဆယ်စုနှစ် တစ်စုကျော်ကြာ တမူးခရိုင်၊ ဟဲဇင်းရွာအတွင်း စတင်ဝင်ရောက်နေထိုင်ပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားသည်ဟု အမှတ် – ၁ စစ်ဒေသ ထုတ်ပြန်ချက်အရ သိရသည်။
ကသည်းလက်နက်ကိုင် တပ်ဖွဲ့များအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ (NSCN – K) လည်း တမူးနှင့် ခန္တီးခရိုင်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်း၍ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။
ယခုနှစ်အတွင်း အိန္ဒိယ စစ်တပ်၏ စစ်ဦးစီးချုပ် နှင့် စစ်ကော်မရှင်တပ် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ – ၁) မှူးတို့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းလေ့ကျင်ခြင်း၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်းများ နှင့် ဒရုန်းပစ္စည်းများ ထောက်ပံ့ခြင်းများ ပြုလုပ်သည်ဟု သိရသည်။

