(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လက်နက်ကြီးကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားကလေးငယ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် တီးတိန်မြို့ မောလ်တုတ် (Mualtuk) ကုန်းပေါ်ရှိ ခလရ (၂၆၉) တပ်ရင်းမှ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု သိရသည်။
အဆိုပါ လက်နက်ကြီးကျည်မှာ တီးတိန်မြို့အနီး Sezang ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၈) နှစ်အရွယ် ပထမတန်း (G-1) ကျောင်းသား မောင်ပေါင်မွန်ဆန်း (Tg Pau Muan Sang) ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွား ရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွာသူနှင့် နီးစပ်သူတစ်ဦးက “Sangpi (Tg Pau Muan Sang) က လိမ္မာတဲ့ကလေးလေးပါ။ သူတို့ ညနေစာ စားပြီးမှ သူ့ပန်းကန်ဆေးဖို့ အိမ်ရှေ့က ရေသုံးတဲ့နေရာမှာ သွားတာကို လက်နက်ကြီးကျည် ထိမှန်ပြီး အဲဒီမှာတင် တစ်ခါတည်း ဆုံးသွားတာ” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
သေဆုံးသူကလေးငယ်သည် Pa Lian Sian Mung နှင့် Nu Cing Pian Lian တို့၏ အငယ်ဆုံးသားဖြစ်ပြီး Suante မျိုးနွယ်စုဝင်၊ EBC အသင်းတော်ဝင် တစ်ဦးဖြစ်သည်ဟုသိရသည်။
၎င်း၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သဂြိုဟ်သွားမည်ဟု သိရသည်။
လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် (၁၄) နှစ်အရွယ် မောင်လျန်ဇာဟွမ်း (Tg Lian Za Huam) သည်လည်း ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“Huampi (Tg Lian Za Huam) က သူ့ခြေထောက်နဲ့ ခြေသလုံးမှာ ပေါက်ကွဲကျည်စိုက်သွားတာပေါ့နော်။ ခြေထောက် ကဟာတော့ ဒီနေ့ ဆေးရုံရောက်ရောက်ချင်း အဆင်ပြေတယ် အခု သက်သာတယ်လို့ သိရပေမဲ့ ခြေသလုံးက ပေါက်ကွဲ ကျည်ဝင်စိုက်တဲ့ဟာကျတော့ မနက်ဖန် ဆေးရုံမှာ ထုတ်ပေးမှာဆိုတော့ မကြာခင် ကောင်းဖို့ မျှော်လင်ပါတယ်” ဟု နီးစပ်သူတစ်ဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
၎င်းအား Sezang ZYA ၏ လူနာတင်ယာဉ်ဖြင့် တီးတိန်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း သိရပြီး၊ လက်ရှိတွင် ဒဏ်ရာမှာ အသက်အန္တရယ် မစိုးရိမ်ရကြောင်း သိရှိရသည်။
ကျန်ရစ်သူမိသားစုအတွက် အကူအညီများပေးလိုပါက Kpay: 09256270837 (Do Khan Tuang) ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Photo – Sezang ZYA

