(004SS)
ချင်းပြည်နယ်၊ ဟားခါးနှင့် တီးတိန်မြို့များတွင် အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကပ်ထားကြေညာသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း ဒေသခံပြည်သူများအကြား စိတ်ဝင်စားမှုမရှိဘဲ မဲစာရင်းများကိုပင် ကြည့်ရှုသူရှိသလောက် နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် မဲစာရင်းများကို စစ်တပ်ဩဇာခံ ရွေးကောက် ပွဲကော်မရှင်က စက်တင်ဘာလ ၃၀ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင် စတင်ကြေညာကပ်ထားခဲ့ ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း ၁ မှာပါဝင်မည့် ချင်းပြည်နယ် ဟားခါး နှင့် တီးတိန်မြို့မှာလည်း မဲစာရင်းများကို ကြေညာကပ်ထား သော်လည်း ပြည်သူများအကြား စိတ်ဝင်စားမှုမရှိကြဘဲ မဲစာရင်းတွင် မိမိနာမည်ပါဝင်ခြင်းရှိမရှိကိုပင် ကြည့်ရှုသူမရှိ သလောက်ဖြစ်နေသည်ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။
“ရွေးကောက်ပွဲလား ကိုယ့်ဟာကိုတောင် ရှုပ်နေတာ စိတ်မဝင်စားဘူး။ မဲစာရင်းတာ့ ကပ်ထားပါတယ်။ သွားမကြည့် ဖြစ်ပါ ဘူး။ တခြားကြည့်တဲ့သူ ဘယ်သူမှလဲ မတွေ့ဘူးနော်။ ပြီးတော့ သူတို့မဲစာရင်းကပ်ထားတဲ့ဟာကလဲ လူတိုင်း လွယ်လွယ် ကူကူ ကြည့်လို့ရအောင် မကပ်ဘူးလေ။ အခုပြန်ကြားရေးမှာလဲ ကပ်ထားတယ်၊ ဒါပေမဲ့အထဲမှာ ကပ်ထားတာ ဘေးမှာ ရဲတွေစောင့်လို့ ဘယ်သူကြည့်ရဲမှာလဲဗျာ။ ပြီးတော့ ဘေးမှာ ‘ဖက်ဆီးနှောက်ယှက်သူရှိပါက ထောင်ဒါဏ်’ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားသေးတယ်ဗျာ။”ဟု ဟားခါးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဟားခါးမြို့က အိမ်ရှင်မအမျိုးသမီးတစ်ဦးကတော့ မဲစာရင်းကပ်ထားခြင်း ရှိမရှိပင် သတိမထားမိကြောင်းနှင့် မဲစာရင်းကို မကြည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ တီးတိန်မြို့တွင်လည်း စစ်ကော်မရှင်တပ်က မဲစာရင်းများကို ရပ်ကွက်အလိုက် ထင်ရှားသည့်နေရာများတွင် ကပ်ထားသော်လည်း သွားရောက်ကြည့်ရှုသူမရှိကြောင်း ဒေသခံများကပြောသည်။

