(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Paakzang ကျေးရွာတွင် စိတ်ကျန်းမာရေး ဖောက်ပြန်မှုကြောင့် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်ကတည်းက အိမ်အောက်ထပ်တွင် သံကြိုးဖြင့်ချုပ်နှောင်ထားခြင်းခံခဲ့ရသည့် ချင်းလူငယ်တစ်ဦးသည် ယခုအခါ အသိစိတ်ပြန်လည်ဝင်လာကာ စကားစပြောလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါလူငယ်မှာ အသက် ၂၇ နှစ်အရွယ်ရှိ မောင်ဟောက်ကျင်မုန်ဖြစ်ပြီး ငယ်စဉ်က ကျောင်းတက်နေစဉ် သင်္ချာဘာသာရပ်မှာ အလွန် ထူးချွန်ခဲ့သူဟု သိရသည်။
၆ တန်းအရွယ်မှစတင်ကာ စိတ်ကျန်းမာရေးအခြေအနေများ ရုတ်တရက် ဆိုးရွားစွာဖောက်ပြန်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ရုတ်တရက် အသိစိတ်ပြန်လည်ဝင်လာပုံရပြီး မိသားစုဝင်များအား စကားစပြောလာခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။
“သူက စိတ်ကျန်းမာရေးမကောင်းချိန်ကစပြီး စကားမပြောတော့ဘူးလေ။ ဒါပေမဲ့ မနေ့က ထူးဆန်းစွာနဲ့ စကားစပြောလာတာ။ ငါ့ကို ဘာလို့ အင်္ကျီတွေ၊ ဘောင်းဘီတွေ မဝတ်ခိုင်းတာလဲ။ အခု ရာသီဥတုက အေးလာပြီ၊ အရမ်းလည်း ချမ်းနေပြီဖြစ်တဲ့အတွက် ကျွန်တော့်ကို အင်္ကျီနဲ့ ဘောင်းဘီတွေ ပေးပါဦးပြောဆိုလာတယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ စိတ်ဝေဒနာ စတင်ခံစားရချိန်မှစ၍ ၎င်းသည် အင်္ကျီနှင့် ဘောင်းဘီ ဝတ်ဆင်ရန် လုံးဝမကြိုက်တော့ဘဲ အိမ်အောက်ထပ်တွင် သံကြိုးဖြင့်ချုပ်နှောင်ကာ သီးခြားနေထိုင်းခိုင်သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဟု သိရသည်။
၎င်းသည် အင်္ကျီနှင့် ဘောင်းဘီ ဝတ်ဆင်ရန် လုံးဝမကြိုက်သည့်အတွက် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် မြင်ရလျှင်လည်း မိမိကိုယ်ကို အလွန်အမင်း မုန်းတီးကာ မှန်များကို ခွဲပစ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ထို့အပြင် မိခင်ဖြစ်သူကိုပါ သတ်ဖြတ်ရန် ကြိုးပမ်းလာခြင်းနှင့် အပြင်လူ လုံးဝ ထိတွေ့ခွင့်မပေးဘဲ ဆတ်ဆတ်ထိမခံ ဖြစ်လာခဲ့သောကြောင့် မိသားစုဝင်များနှင့် ရပ်ရွာအတွက်ပါ ဘေးအန္တရာယ်ရှိလာနိုင်ကြောင်း၊ မိသားစုဝင်များအနေဖြင့် ဆေးရုံများသို့ပြသ၍ ကုသပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း ရောဂါအခြေအနေမှာ လုံးဝ မသက်သာလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အခြားနည်းလမ်းမရှိတော့ဘဲ တီးတိန်ဒေသရှိ အိမ်ပုံစံအတိုင်း လေဝင်လေထွက်ရှိပြီး အရိပ်ရကာ လူတစ်ကိုယ်စာခန့်မြင့်သော အိမ်အောက်ထပ်တွင် သံကြိုးဖြင့် ချုပ်နှောင်ထားခဲ့ရသည်မှာ ယခုဆိုလျှင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဟုသိရသည်။
အဆိုပါကာလတစ်လျှောက်လုံး ခန္ဓာကိုယ်ကို အထိမခံတာကြောင့် ထမင်းကျွေးရာမှာလည်း သူ့ဘာသူစားတတ်သလိုစား၊ ဆံပင်နှင့် ခြေသည်းလက်သည်းများ ရှည်ပြီး၊ အိမ်အောက်တွင် တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။
ထိုသို့ ဖြစ်စဉ်အား အောက်လမ်းပညာဖြင့် ပြုစားခံရခြင်းဟု ဒေသခံများက ယုံကြည်ပြောဆိုနေကြဆဲ ဖြစ်သည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် စကားမပြောဘဲ သံကြိုးဖြင့် ချုပ်နှောင်ထားရရှာသော သားဖြစ်သူထံက ယခုလို အသိစိတ်ဝင်လာကာ စကားစပြောလာသည့်အတွက် မိသားစုဝင်များမှာ အလွန်တရာမှပင် ဝမ်းသာပီတိ ဖြစ်နေကြသည်။
လက်ရှိတွင် ၎င်း၏ သံကြိုးများကို ဖြုတ်ပေးလိုက်ပြီဖြစ်ပြီး အိမ်တွင်း၌ ပုံမှန်အတိုင်း နေထိုင်စေကာ အဝတ်အစားများကိုပါ ဝတ်ဆင်ပေးထားပြီဖြစ်ကြောင်း သိရှိရသည်။
Photo- Khangthak Media

