(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။
ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီ ၂၀ ခန့်မှာ ဆမီးမြို့အဝင်ဝနှင့် စစ်တပ်၏ ဗျူဟာစစ်စခန်းဟောင်း နေရာများကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတချို့နှင့် ဒေသတွင်း သတင်းဌာနများထံမှ သိရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဦးငန်တင်းနှင့် ဒေါ်ပြောင်နွဲ့တို့၏ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ သေဆုံးခဲ့ရသည်ဟု သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ဦးငန်တင်းနှင့် ဒေါ်ပြောင်နွဲ့တို့အပါအဝင် ၎င်းတို့၏ သားများဖြစ်သော အသက် ၁၀ နှစ်အရွယ် မောင်ထက်လင်းအောင်၊ အသက် ၁၁ နှစ်အရွယ် မောင်ထွန်းလင်းနိုင်၊ အသက် ၈ နှစ်အရွယ် မောင်စိုးမိုးအောင် ၊ ဦးမင်းလှိုင်စိုး၏ သမီး အသက် ၈ နှစ်အရွယ် မနွယ်နွယ်လှိုင်တို့ဖြစ်ကြောင်း၊ အသက် ၅ နှစ်အရွယ် ကလေး ၁ ဦးနှင့် အခြားဒေသခံ ၁ ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှု ပေးနေပြီး ဘေးကင်းရာသို့ ပြောင်းရွေ့ထားသည်ဟု သိရသည်။
ဩဂုတ်လ ၁၁ ရက် မနက် ၇ နာရီခန့်ကလည်း ပလက်ဝမြို့အဝင် ဆိုင်းဘုတ်နားကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ မိန်းကလေးငယ် ၂ ဦးမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
