(002MG)
ဟားခါးလူထုသပိတ်ခေါင်းဆောင်း CDF-Hakha တွဲဖက်အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအောင် ရုတ်တရက်ကွယ်လွန် သွားခြင်းအပေါ် ကျန်ရစ်သူမိသားစုဝင်များ၊ တပ်ဖွဲ့ဝင်များနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း (CDF-Paletwa ) က ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ဆလိုင်းငွန်ဆန်းအောင်သည် တက္ကသိုလ်ကျောင်းသားဘဝကတည်းက ချင်းအမျိုးသားရေးတွင် တက်ကြွစွာ ဦးဆောင်ဦးရွက်ပြု ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည့်အပြင် နွေဦးတော်လှန်ရေးကာလတွင်လည်း ဟားခါးလူထုသပိတ်တပ်ဦးမှ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ကွယ်လွန်ချိန်အထိ ချင်းအမျိုးသားရေးနှင့် လူထုတော်လှန်ရေး လမ်းကြောင်းပေါ်တွင် မမှိတ်မသုန် ရပ်တည်နေသူတစ်ဦးဖြစ်သောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံးအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း CDF Paletwa က ထုတ်ပြန်သည်။
ဆလိုင်းငွန်ဆန်းအောင်သည် ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရုတ်တရက်မူးလဲရာမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ညနေပိုင်းအချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဆလိုင်းငွန်ဆန်းအောင်သည် စစ်တပ်အာဏာသိမ်းမှုမဖြစ်ပွားခင်တွင် သတင်းသမားတစ်ဦးဖြစ်ခဲ့ပြီး ဟားခါးမြို့အခြေစိုက် The Chinland Post သတင်းဌာနတွင်လည်း အယ်ဒီတာ တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့အပြင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတုန်းကလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ၏ ဟားခါးမြို့ လူငယ်ဥက္ကဌတဦးဖြစ်သည်။

