(004SS)
တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာတွင် ပျဉ်ထောင်နှစ်ထပ်အိမ် တစ်လုံး မီးလောင်ပြာကျခဲ့ပြီး လက်ရှိ ကာလ ဒေသပေါက်ဈေးနှင့် တွက်ချက်မှုများအရ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် အဆိုပါ နေအိမ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင် ကျွမ်းချိန်တွင် အိမ်ရှင်ဖြစ်သူများဘက်မှ သတိမပြုမိခဲ့ကြကြောင်း သိရသည်။
” အိမ်ကတော့ တိုင်က ကွန်ဂရက် တခြားဟာတော့ ပျဉ်ပေါ့နော် ပျဉ်ထောင်အိမ် နှစ်ထပ်ပေါ့နော်။ သူတို့ မီးလောင်တာကို အိမ်ရှင်က မသိလိုက်ဘူး။ ဘေးအိမ်က လူတွေက မီးလောင်နေပြီဆိုပြီး လာပြောပြီး ကူညီလုပ်ပေးကြမှပဲ သိရတာ။ အိမ်ကတော့ မီးလောင်ပြာကျသွားတာပဲ။ ဆုံးရှုံးမှုကတော့ ဒေသပေါက်စျေးနဲ့ဆို သိန်း ၁၀၀၀ ကျော်မယ်။ တခြား သူတို့မှာ ရှိတဲ့ ပိုက်ဆံတွေ၊ အဝတ်စားကအစ ဘာပစ္စည်းမှ မထုတ်နိုင်ခဲ့ဘူး။” ဟု အိမ်ရှင်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ နေအိမ်မီးလောင်ပြာကျသွားခဲ့သော်လည်း မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
သို့သော် အိမ်အတွင်းရှိ ပိုက်ဆံ၊ အဝတ်အစားနှင့် အိမ်သုံးပစ္စည်းများ အပါအဝင် မည်သည့်ပစ္စည်းကိုမျှ ထုတ်ရယူနိုင်ခြင်း မရှိဘဲ အကုန်လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု အိမ်ရှင်နှင့် နီးစပ်သူက ပြောသည်။
ယခု မီးလောင်မှုသည် မည်သည့်အကြောင်းရင်းကြောင့် စတင်လောင်ကျွမ်းသည်ကို အတိအကျ မသိရသေးဘဲ လက်ရှိတွင် မီးဘေးသင့်အိမ်ထောင်စုအတွက် ကူညီထောက်ပံ့ပေးလိုပါက KPay – 09256129315 ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

