(006SV)
အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းယူပြီး ၂ လခန့်အကြာတွင် ဆူရ်ဘုန်လေဆိပ်ကို အလျင်အမြန် ပြန်ဖွင့် လှစ်နိုင်ရေးအတွက် ဆောင်ရွက်လာနေကြောင်း သိရသည်။
ဆူရ်ဘုန်လေဆိပ်ကို ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ်ဖွံ့ဖြိုးရေး၊ သွားလာရေး အဆင်ပြေနိုင်သကဲ့သို့ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်နိုင်မည်ဟူ၍ ချင်းပြည်ကို ရောက်ရှိနေသည့် စစ်အစိုးရ၏ ဆောက်လုပ်ရေး ဒုဝန်ကြီးက ဦးဆောင်၍ အကောင်အထည်ဖော်နေသည်ဟု စစ်တပ်လက်အောက်ခံ ပြန်ကြာရေးဌာနက ဇူလိုင်လ ၈ ရက်က ထုတ်ပြန်သည်။
ဆူရ်ဘုန်လေဆိပ်ကို စစ်အစိုးရ၏ ဆောက်လုပ်ရေးဒုဝန်ကြီးဦးမျိုးမြင့်သည် ဇူလိုင်လ ၅ ရက်က သွားရောက်လေ့လာခဲ့သည်ဟု စစ်တပ်၏ ပြန်ကြားရေးက ဇွန်လ ၆ ရက်မှာလည်း ထုတ်ပြန်ထားသည်။
စစ်အစိုးရ၏ ဆူရ်ဘုန်လေဆိပ် ပြန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှုများကို အနီးကပ်စောင့်ကြည့်နေပြီး စစ်အုပ်စု၏ လမ်းကြောင်း အတွက်သာ ပြန်ဖွင့်တာမျိုး ဖြစ်နိုင်သည်ဟု ချင်းရေရာအဖွဲ့ချုပ်(ICA) ၏ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။
“ဆူရ်ဘုန်လေဆိပ် ပြန်ဖွင့်မှာက အကြောင်းအမျိုးမျိုး ရှိမှာပေါ့နော်။ စားနပ်ရိက္ခာအတွက်၊ ကျန်တဲ့ ကိစ္စတွေအတွက်၊ ဘာအတွက်ပဲဖြစ်ဖြစ်ပေါ့နော်။ ဒီလေကြောင်းလိုင်းကို ပြန်အသုံးပြုဖို့အတွက် ကြိုးစားနေတာကို ကြားသိရတာတွေ ရှိတယ်။ ဆူရ်ဘုန်လေဆိပ်ကို ပြန်ဖွင့်ခြင်းအားဖြင့် ဘယ်လိုမျိုး ဖြစ်လာမလည်းဆိုတာ ကျနော်တို့ သေချာစောင့်ကြည့် ရမယ့်အထဲ ပါတဲ့ တစ်ခုလည်း ဖြစ်ပါတယ်။ ခရီးသွားပြည်သူကို ခွင့်ပြုမလားဆိုတာ တစ်ချက် ရှိတာပေါ့နော်။ အဲလို မဟုတ်ပဲနဲ့ ဖြစ်နိုင်ချေ ပိုများတာက ခရီးသွားပြည်သူတွေအတွက်စာရင် သူတို့ရဲ့ လမ်းကြောင်းအတွက် ပြန်ဖွင့်တာမျိုး ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ မြေပြင်က လူတွေက ပြောနေတာ ကြားရပါတယ်” ဟု Salai Van Sui San က ပြောသည်။
လေယာဉ်ပြေးလမ်းအရှည် ပေ ၆၀၀၀ နဲ့ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၀၀၀ အထက်မှာ တည်ရှိတဲ့ ဆူရ်ဘုန်လေဆိပ်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က လေယာဉ်များ အောင်မြင်စွာ စမ်းသပ် ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။
ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ချင်းပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် ဧပြီလက သိမ်းပိုက်ထိန်းချုပ်ခဲ့သည်၊ ယင်းနောက် တစ်နှစ်ခန့်အကြာ ၂၀၂၆ ဧပြီလထဲမှာ စစ်တပ်က ပြန်လည်သိမ်းယူသွားခဲ့ပြီးနောက် လက်ရှိမှာ ဆူရ်ဘုန်လေဆိပ်ကို ပြန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လာခြင်းဖြစ်သည်။
ချင်းပြည်နယ်မြောက်ပိုင်းမြို့များကို လေကြောင်း၊ လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြု၍ ပြန်သိမ်းယူပြီးနောက် စစ်တပ်သည် ၎င်းမြို့များကို ဒေသတည်ငြိမ်ရေးအပြင် ဒေသဖွံ့ဖြိုးရေးများကိုပါ လုပ်ဆောင်ပါသည်ဟူ၍ ဝါဒဖြန့် နေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ် CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ဆူရ်ဘုန်လေဆိပ် ပြန်ဖွင့်ဖို့တော့ သူတို့ဘက်က ကြိုးစားနေတယ်ပေါ့နော်၊၊ ဒါပေမယ့် ပြင်ဆင်ရမယ့် အပိုင်းတွေက အကြီးစား ပြင်ဆင်ရမယ့် အပိုင်းတွေ၊ ဒီ ၂၀၂၆ ထဲမှတော့ မဖြစ်နိုင်လောက်ဘူး။ ဘာကြောင့် အလျင်အမြန် ပြင်ဆင်နေရသလဲ ဆိုရင် ချင်းပြည်နယ်မြောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းရေးအပြင် ဒေသဖွံ့ဖြိုုးရေးတွေကိုပါ လုပ်နေပါတယ်ဆိုတဲ့ အသွင်သဏ္ဍာန် မျိုးရှိအောင် ဒီလိုမျိုး ဝါဒဖြန့်ချင်လို့ အပူတပြင်း လုပ်နေတဲ့ အနေအထားမျိုးလို့ ပြောလို့ ရတယ်။ကျန်တဲ့ စစ်လက်နက်၊ စစ်အင်အား ဖြည့်တင်းဖို့ဟာက ကလေးလမ်းပိုင်းတွေက ပြန်ပွင့်နေပြီးဆိုတော့ ဆက်သွယ်ရေးအတွက်က သူတို့အတွက် အများကြီး အရေး မပါဘူး။ ပြီးရင် အိန္ဒိယ- မြန်မာ- ထိုင်း အာရှလမ်းမကြီး ဖြစ်သွားပြီးဆိုရင်လည်း ဆက်သွယ်ရေးလမ်းတွေက ဒီကလေး ဘက်နေတဆင့် ဆူရ်ဘုန်ကို ပြန်တင်၊ ဆူရ်ဘုန်ကို ကုန်သွယ်ရေး လေဆိပ်အနေနဲ့ လုပ်ချင်တာအနေနဲ့လည်း ဖြစ်ပါလိမ့်မယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ဆူရ်ဘုန်လေဆိပ်၏ လက်ရှိအခြေအနေမှာ လေယာဉ်ပြေးလမ်း၏ မျက်နှာပြင်မှာ ကောင်းမွန်လျက်ရှိသော်လည်း လေယာဉ် ပြေးလမ်းပေါ်ရှိ မီးများ၊ လေကြောင်းလုံခြံရေး စက်ပစ္စည်းများ၊ လေကြောင်းဆက်သွယ်ရေးနှင့် လေကြောင်းလမ်းညွန်ဆိုင်ရာ စက်ပစ္စည်းများ ပျက်စီးနေသည်ဟု စစ်တပ်၏ ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။
လေဆိပ်အဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင် အဆောက်အအုံ၊ မီးသတ်အဆောက်အအုံ၊ DVOR အဆောက်အအုံတို့မှာလည်း ပျက်စီးမှုတချို့ ရှိသည်ဟု သိရသည်။
ချင်းပြည်နယ်မြောက်ပိုင်းရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် ဦးစီးဌာနရုံးပေါင်း ၁၀၀ ဖွင့်လှစ်ထားပြီး စစ်အစိုးရယန္တရာများ ပြန်လည်ပတ်နေပြီဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ပြန်လည်ပတ်နေပြီဖြစ်ကြောင်း စစ်တပ်၏ ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

