(006SV)
ချင်းပြည်နယ်၊ ဆဲန်ထန်ဗဟိုကောင်စီနယ်မြေတွင် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများကို ထောက်ခံစာဖြင့်သာ လက်နက်ခဲယမ်းများ သယ်ဆောင်ခွင့် ပြုတော့မည်ဟု ဆဲန်ထန်ဗဟိုကောင်စီထံမှ သိရသည်။
ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းနိုင်ရန်အတွက် စက်တင်ဘာလ ၃ ရက်တွင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
လက်နက်၊ ခဲယမ်းများနှင့် တပ်တွင်းအသုံးအဆောင် ပစ္စည်းများကို သယ်ဆောင်လိုသူသည် သက်ဆိုင်ရာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း၏ တရားဝင် ထုတ်ပေးထားသော လိုင်စင် သို့မဟုတ် ထောက်ခံစာကို ယူဆောင်လာရမည်ဟု သိရသည်။
အဆိုပါ လိုင်စင် သို့မဟုတ် ထောက်ခံစာသည် သတ်မှတ်ထားသော သက်တမ်းအတွင်း ဖြစ်ရမည်ဖြစ်ပြီ သက်တမ်းကုန်ဆုံးပြီးသော အထောက်အထားများကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဆဲန်ထန်ဗဟိုကောင်စီထံမှ သိရသည်။
စစ်အသုံးအဆောင်ပစ္စည်းများကို မည်သည်နေရာတွင်မဆို တွေ့ရှိပါက ကိုယ်ပိုင်ထိန်းသိမ်းခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုဘဲ သက်ဆိုင်ရာတာဝန်ရှိသူထံသို့ ချက်ချင်းအကြောင်းကြား၍ အပ်နှံရမည်ဟု အသိပေးသည်။
စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ လက်နက်၊ ခဲယမ်းနှင့် တပ်တွင်း အသုံအဆောင်ပစ္စည်းများ သယ်ဆောင်ခြင်းကို တွေ့ရှိပါက သက်ဆိုင်ရာ စည်းမျဉ်း၊ လုပ်ထုံလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

