(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ ဦးသည် တပ်အတွင်းမှ ထွက်ပြေးလာပြီး PDF-Zoland တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသူများမှာ တီးတိန်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၆၉) တပ်မှ တပ်သား ၃ ဦးဖြစ်ပြီး၊ တီးတိန်မြို့နှင့် ကနေဒီတောင် အကြားရှိ ဗာလ်ဗုမ် လမ်းခွဲ ကင်းစခန်းတွင် တာဝန်ထမ်းဆောင်စဉ် ထွက်ပြေးလာ ကြခြင်းဖြစ်သည်။
ထိုသို့ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် PDF Zoland ထံသို့ သွားရောက်ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။
ပြည်သူဘက်သို့ ကူးပြောင်းလာသည့် အဆိုပါ တပ်သား ၃ ဦး၏ အသေးစိတ်အချက်အလက်များနှင့် ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းများ ပါလာခြင်း ရှိ/မရှိ ဆိုသည်ကိုမူ PDF Zoland က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
လက်ရှိတွင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တပ်ချိန်းသည့် အခြေအနေများ ရှိနေကြောင်း သိရသည်။

