(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်းက ကျေးရွာတချို့တွင် Thado Defense Army(TDA) က သီးသန့် အုပ်ချုပ်ရေး နယ်မြေ ဖော်ဆောင်ရန်အတွက် စည်းရုံးနေခြင်းများကို တားမြစ်ကန့်ကွက်ကြောင်း တွန်ဇံမြို့နယ် ကောင်စီ/ CDF – တွန်ဇံက ထုတ်ပြန်သည်။
Thado Defense Army (TDA) အနေဖြင့် တွန်းဇံမြို့နယ်၊ ရှဲလ်ထော်ဇံတိုက်နယ်အတွင်းရှိ ကျေးရွာများကို မည်သည့်နည်းဖြင့် မဆို ဖျောင်းဖျ၊ စည်းရုံး ဆွဲဆောင်ခြင်း၊ လက်နက်ဖြင့် စည်းရုံးခြင်းများကို မပြုလုပ်ရန် တားမြစ်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က တွန်းဇံကောင်စီက ကြေညာသည်။
“သူတို့က ထန်ကိုင်နယ်မြေဆိုပြီးတော့ အုပ်ချုပ်ရေး ဖော်ဆောင်ချင်ကြတာပါ။ ထန်ကိုင်နယ်မြေတွေဟာ ထာဒိုမျိုးနွယ်စု တစ်စု တည်း ပိုင်ဆိုင်သည့် နယ်မြေမဟုတ်ပါဘူး။ ဇို မျိုးနွယ်စုတွေလည်း နေထိုင်တယ် ဆိုတော့ မျိုနွယ်စု နှစ်စုပိုင်ဆိုင် သည့်နယ်မြေပါ။ ထာဒိုမျိုးနွယ်စုအတွက် ထန်ကိုင်နယ်မြေဆိုပြီးတော့ ဘယ်အစိုးရကမှ နယ်မြေသီးသန့်အုပ်ချုပ်ခွင့်မပေးဘူးပါ။ ခေတ်အဆက်ဆက် တက်လာတဲ့ အစိုးရက တွန်းဇံမြို့နယ်၊ ဘယ်အုပ်စု၊ ဘယ်ကျေးရွာဆိုပြီး မြို့နယ်ကနေ တိုက်ရိုက်အုပ်ချုပ်တာပါ” ဟု တွန်းဇံကောင် စီဥက္ကဌ ထန်ဆွင်းမုန်က ပြောသည်။
တွန်းဇံမြို့နယ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ တည်ရှိသော ရှဲလ်ထော်ဇံကျေးရွာ၊ စိန်တူမ်း (တွီးဂဲလ်) ကျေးရွာ၊ ဟားခါး လေးကျေးရွာ၊ လီခန့်ကျေးရွာ၊ ဇိုလဲန်းကျေးရွာ၊ ဆက်စိကျေးရွာ၊ မောက်လွန်းကျေးရွာ၊ ထန်ဒွန်းကျေးရွာတို့သည် ရှဲလ်ထော်ဇံတိုက်နယ်ကောင်စီ၏ ဖွဲ့စည်းမှုအောက်တွင် တည်ရှိသည်ဟု တွန်းဇံမြို့နယ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

