(004SS)
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ Lungtah နယ်မြေ Neisok baw mual အနီးတွင် ယမန်နေ့က Vangteh ရွာသား လူငယ်တစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ချောက်ကမ်းပါးသို့ လိမ့်ကျကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၈ ရက်နေ့က ဗန်းတဲလ်ကျေးရွာမှ တွန်းဇံမြို့ဘက်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ကြသည့် လူငယ် ၃ ဦးသည် ဆိုင်ကယ်တစ်စီးတည်း၌ အတူစီးနင်းလာခဲ့ကြရာ နောက်ဆုံးမှ လိုက်ပါလာသူ လူငယ်မှာ အဆိုပါ Neisok baw mualkim လမ်းပိုင်းရှိ လမ်းဘေး ချောက်ကမ်းပါးထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သူငယ်ချင်း၂ ဦးမှ ၎င်းတို့သူငယ်ချင်းပါမလာတော့သည်ကို သိရှိပြီးနောက် အနီးအနားရှိ Lungtah ကျေးရွာမှ လူငယ်များကို အကူအညီတောင်းခံကာ ဝိုင်းဝန်းရှာဖွေခဲ့ကြရာ လမ်းအောက်ဘက် ကျောက်တုံးကျောက်ခဲများ ပြည့်နှက်နေသည့် ချောက်ကမ်းပါးထဲသို့ သေဆုံးနေသည့် အလောင်းအား တွေ့ရှိခဲ့ကြသည်။
“သူက လမ်းဘေး ချောက်ကမ်းပါးကနေ လိမ့်ကျသွားတဲ့ အခြေနေပါ။ တော်တော်ဝေးဝေး ရောက်တယ်။ သူလိမ့်ကျတဲ့ နေရာက မြေသားဆိုရင်တော့ မပြောတတ်ဘူး၊ ခုတော့ အဲဒီနေရာမှာ ကျောက်တုံးကျောက်ခဲတွေနဲ့ ပြည့်နေတာဆိုတော့ ဆုံးသွားရှာပြီ” ဟု အလောင်း လိုက်လံရှာဖွေရာတွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ သေဆုံးသွားသူ၏ ရုပ်အလောင်းအား Lungtah ကျေးရွာမှ လူငယ်များက ၎င်းတို့၏ မော်တော်ယာဉ်ဖြင့် သေဆုံးသူ၏ နေရပ် Vangteh ရွာသို့ ပို့ဆောင်ပေးခဲ့ကြသည်။

