(004SS)
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ မြစ်ချောင်းများနှင့် ရေထုသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်အတွက် လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်းတားမြစ်ထားကြောင်း ထန်တလန်မြို့နယ်ကောင်စီက ထုတ်ပြန်သည်။
ယခုကာလသည် ငါးဉချိန်ကာလဖြစ်သည့်အတွက် ရေထုနှင့် ငါးသယံဇာတ ကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာရ မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခု စက်တင်ဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
အဓိက တားမြစ်ချက်များတွင် ငါးဆေးခတ်ခြင်း၊ ဒိုင်နမို လျှပ်စစ် ဖြင့် ငါးဖမ်းခြင်း၊ ကြိုးတန်းနှင့် ကြိုးကွင်းများထောင်ခြင်း၊ ဓာတုဆေး သို့မဟုတ် အဆိပ်ခတ်ခြင်း၊ ပိုက်ကွန်ကြီးများဖြင့် ဖမ်းဆီးခြင်း၊ ဗုံးခွဲခြင်းနှင့် ယမ်း သို့မဟုတ် မိုင်း ဖောက်ခွဲ၍ ငါးဖမ်းဆီးခြင်းတို့ လုံးဝမပြုလုပ်ရန် ပါဝင်သည်။
ယင်းတားမြစ်ချက်များကို လိုက်နာမှုမရှိဘဲ မြစ်ချောင်းများတွင် သွားရောက်ငါးဖမ်းဆီးသူများအား တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ထန်တလန်မြို့နယ်ကောင်စီက သတိပေးထုတ်ပြန်ထားသည်။

