(006SV)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၂၇ ဦးကို ဖမ်းဆီးရမိ ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – မကွေး) က အောက်တိုဘာလ ၂ ရက်မှာ ထုတ်ပြန်သည်။
စစ်ကော်မရှင်၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို အာရက္ခတပ်တော် ULA/ AA နှင့် PDF ပူးပေါင်းတပ် များက ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိရာ စစ်မှုထမ်းဥပဒေအရ အဓမ္မ စစ်မှုထမ်းရသော အပတ်စဉ် ၇ မှ ၁၂ အထိ သင်တန်းဆင်း တပ်သားများဖြစ်သည့် တပ်မ ၉၉ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
အဆိုပါ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု သိရသည်။
PRA – မကွေးတပ်ဖွဲ့သည် ငဖဲမြို့နယ်၊ ပဒါန်းလမ်းမတလျှောက်နှင် ပုသိမ်း-မုံရွာလမ်းဝန်းကျင်တွင် စစ်ဆင်ရေးများကို မဟာမိတ် များနှင့် ပူးပေါင်းဖော်ဆောင်နေပြီး လက်ရှိတွင် ရန်သူထိုးစစ်ကို ကြံ့ကြံ့ခံ ခုခံလျက်ရှိကာ စစ်နောက်ပိုင်းဒေသများတွင်လည်း ပြောက်ကျားဒေသများ တိုးချဲ့ဖော်ဆောင်နေသည်ဟု သိရသည်။
ယနေ့အချိန်သည် တော်လှန်ရေး အင်အားစုအသီးသီး၏ တပ်ပေါင်းစု မူဝါဒကို လက်တွေ့ကျကျ ကျင့်သုံးအကောင် အထည် ဖော်ရမည့် ကာလဖြစ်သည်ဟု PRA – မကွေးက သတိပေးထုတ်ပြန်လာသည်။
လူထုတော်လှန်ရေး ၅ နှစ်တာ ကာလအတွင်း ဖိနှိပ်မှု ပေါင်းစုံကို ခါးစည်းခံလာရသော လူထုမျက်နှာကို ငဲ့ကာ တစ်သင်းတစ်ဖွဲ့ အားကောင်းရေးထက် တော်လှန်ရေး တစ်စုံလုံးအားကောင်းရေးကို ဦးတည်ရမည်ဟု PRA က ထုတ်ပြန်သည်။
တော်လှန်ရေးအင်အားစု အသီးသီးအနေဖြင့် ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အား ပြန့်ကြဲမှု၊ ဘဏ္ဍာရေး လေးလွင့် မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းပြီး တညီတညွတ်တည်း တိုက်ပွဲဝင်ကြရမည် ကာလဖြစ်သည်ဟု ဆိုသည်။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် အလျားလိုက်ပုံစံ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီး တပ်ပေါင်းစု သဏ္ဍာန်စုစည်းမှု အား နည်းခဲ့သောကြောင့် စစ်ကော်မရှင်တပ်သည် တကျော့ပြန် အားကောင်းလာမှုတွင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ဒေသတချို့ ပြန်လည်လက်လွှတ်ရမှုများ ရင်ဆိုင်နေရသည်ဟု သိရသည်။

