(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် နှစ်ပေါင်း ၄၀ နီးပါး သက်တမ်း ရှိ သော ဝယ်စလီ ပုဂ္ဂလိက (Wesley Hospital) ဆေးရုံကြီးအား ပိုမိုကျယ်ဝန်းသည့် နေရာသစ်သို့ ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ကာ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ယနေ့မှစတင်ကာ လူနာများအား ပုံမှန်အတိုင်း ဆေးကုသမှုပေးနေပြီဖြစ်ကြောင်း သိရသည်။
ဝယ်စလီပုဂ္ဂလိက ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက “အဟောင်းမှာဘယ်သူမှ မရှိတော့ဘူး။ အကုန်လုံး ပြောင်းပြီး သွားပြီ။ စနေနေ့ကပြောင်းတာ။ ဒီနေ့ကနေစပြီးတော့မှ ပြင်ပလူနာတွေလည်း အသစ်မှာပဲ စဖွင့်ပြီ။ အခုဆေးရုံက ပုံမှန်အတိုင်းအကုန် ခွဲစိတ်မှုကအစလုပ်လို့ရပြီ။ကျောက်ကပ်ဆေးတာ၊ ကင်ဆာ ကုတာရယ်၊ အမျိုးသမီးတွေအတွက် ရင်သားကင်ဆာအတွက်လည်း ကုသလို့ရပြီ။ အခုဆေးရုံက ၆ ထပ် လုပ်ဖို့စဉ်းစားထားတယ်။ ဒါပေမယ့် အခု လောလောဆယ်တော့ ၅ ထပ်အထိပဲ ဖွင့်သေးတာပေါ့။” ဟု ပြောသည်။
ဆေးရုံဟောင်းတွင် တက်ရောက်ကုသနေကြသည့်လူနာများအား ပြောင်းရွှေ့ရာတွင်လည်း ကလေးမြို့ရှိ လူမှုကူညီရေး အသင်းများဖြစ်သည့် မေတ္တာထွဋ်ခေါင်၊ ကာယကံမေတ္တာ၊ ပုညကုသလ၊ တာဟန်းဇိုမီး လူ ငယ်၊ မြို့လှ၊ အင်ဒိုင်းကုန်း နှင့် Wesley အသင်းတော်မှ လူငယ်တို့သည် ဝိုင်းဝန်းကူညီ ရွှေ့ပြောင်း ပေးခဲ့ကြသည်ဟုသိရသည်။
မေတ္တာထွဋ်ခေါင် လူမှုကူညီရေးအသင်းက Yar Zar Aung “ဝယ်စလီဆေးရုံကြီး နေရာသစ်ကို ပြောင်းရွှေ့ပြီမို့ သက်တမ်းတစ်လျှောက်လုံးသုံးလာခဲ့တဲ့ ဆေးရုံ(ဟောင်း) မှာ လက်ရှိတက် ရောက်နေ ကုသနေကြတဲ့လူ နာ တွေကို နေရာအသစ်ကို ပြောင်းရွှေ့ ဖို့အတွက် လူမှုကူညီရေး အသင်း တွေနဲ့ Wesley အသင်းတော်က လူငယ်တွေလည်း ကာယအား စိုက်ထုတ်ပြီး တက်ညီလက်ညီ လူမမာ တွေကို ရွှေ့ပြောင်းကူညီပေး ခဲ့ကြပါတယ်။” ဟု သူ၏ လူမှုကွန် ယက်စာမျက်နှာတွင်ဖော်ပြထားသည်။
ဝယ်စလီပုဂ္ဂလိကဆေးရုံကြီးတွင် အထွေထွေခွဲစိတ်ကုသမှု၊ သားဖွားမီးယပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည် ချောင်း အပါအဝင် အရိုးအကြောဆိုင်ရာ ခွဲစိတ်ကုသခြင်းများ ပြုလုပ်ပေးနေကာ ကလေးမြို့ဒေသတဝိုက်တွင် အဓိက အားကိုး အားထားပြုနေရသော ဆေးရုံကြီးဖြစ်သည်။
နောက်ပိုင်းတွင်လည်း ကျောက်ကပ်ဆေးခြင်း၊ ရင်သားကင်ဆာကုသနိုင်ရန်အတွက် Mammogram စက်၊ အရိုးကုဓာတ်မှန် Bondexer၊ နှလုံးကုသရန် Echocardiogram စက်များလည်း ထားရှိရန်စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ယခုနှစ်ကုန်ပိုင်းတွင် CT scan စက်လည်းရောက်ရှိနိုင်မည်ဟု သိရသည်။
ဝယ်စလီဆေးရုံသစ်မှာ ၆ ထပ်အဆောက်အအုံဖြစ်ပြီး လူနာကုတင် ၂၀၀ ဆံ့အထိ တိုးချဲ့ထားသည့်အပြင် ဓာတ်လှေကားသုံးစီးရှိပြီး ကားအစီးရေ ၉၀ ဆံ့ ယာဉ်ရပ်နားရာ ကား Parking လည်းရှိသည်ဟုသိရသည်။
လက်ရှိ နေရာပြောင်းဖွင့်လှစ်ထားသည့် ဝယ်စလီဆေးရုံကြီးအား ကလေး မြို့၊ တာဟန်း ရပ် ကွက် သဇင်လမ်း (ခေါ်) ဒိုးဝိုင်းချောင်းလမ်း၊ YCW ကိုယ်ပိုင်ကျောင်း မျက်စောင်းထိုးတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ကာ လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထားသည်ဟု သိရသည်။
ဝယ်စလီဆေးရုံကြီးသည် ၁၉၈၇ ခုနှစ် ဇန်နဝါရီ လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း ၄၀ နီးပါးသက်တမ်းရှိသည့် ပုဂ္ဂလိက ဆေးရုံ ကြီးဖြစ်သည်။

