(006SV)
ပင်လုံအနှစ်သာရ ပါဝင်သည့် Bottom- Up ဖက်ဒရယ်ဝါဒကို အခြေခံဦးတည်ကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည် ဆောက်ရေးအတွက် ဆန္ဒတူညီသော တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ကြေညာသည်။
ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောကသော ၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ချင်းအမျိုးသားတပ်ဦး၏ သဝဏ်လွှာတွင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

စစ်တပ်ကင်းရှင်းသည့် အနာဂါတ်မြန်မာပြည် နိုင်ငံရေးစနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အရေး၊ ဖက်ဒရယ် အရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် စစ်အာဏာရှင်ကို ခုခံတွန်းလှန်ရင်း အသက်ပေးလှူ တိုက်ပွဲဝင်နေကြောင်း ချင်းအမျိုး သားတပ်ဦး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်ချုပ်ရေးကို တွန်းလှန်တိုက်ပွဲဝင်နေသော တော်လှန်ရေးအင်အားစုများနှင့်အတူ လက်ရှိတော်လှန်ရေး ခရီးကြမ်း တလျှောက်လုံးတွင် တစိုက်မတ်မတ် လက်တွဲသွားမည်ဟု ဆိုသည်။

စစ်ကော်မရှင်၏ အတုအယာင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အတုအယောင် ပြည်ထောင်စုလွှတ်တော်သည် အနာဂါတ် စစ်တပ်အုပ်ချုပ်ရေးကို အထောက်အကူပေးမည့် ဟန်ပြလွှတ်တော်များသာ ဖြစ်ကြောင်း အဆိုပါ ကြေညာချက်မှာ အသိပေးထားသည်။
လွတ်လပ်သော ပြည်ထောင်စုတစ်ခုကို တည်ဆောက်ရာတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံချက် ပေးသော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် “ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံ စိတ်ဓါတ်”တို့သည် အခြေခံရမည့် ပင်လုံအနှစ်သာရဖြစ်သည်ဟု ဆိုသည်။
ယနေ့ သည် သီးခြားလွတ်လပ်စွာ နေထိုင်လာကြသော ကချင် တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ ရှမ်းပြည်ထောင်စုနှင့် ဗမာပြည်မတို့၏ နယ်မြေများကို စုပေါင်းပြီး လွတ်လပ်သည့် ပြည်ထောင်စု တည်ဆောင်ရန် လွန်ခဲ့သော နှစ်ပေါင်း ၇၉ နှစ်က ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော နေ့ဖြစ်သည်ဟု သိရသည်။

