(004SS)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွီကင်းဝကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် တွီကင်းဝကျေးရွာရှိ ဦးကျော်သာဦး၏ နေအိမ်၌ ရေနွေးတည်ရာမှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဟု သိရသည်။
တွီကင်းဝဒေသခံနှင့် နီးစပ်သူတစ်ဦးက “ဟုတ်ပါတယ်။ အသေးစိတ်တော့ မသိရသေးပေမဲ့ ရေနွေးတည်ရာကနေ စလောင်သွားတာ။ လူကတော့ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်။ နေအိမ်ကတော့ ၁၀ လုံးလောက် လောင်သွားတယ်လို့ ပြောတယ်” ဟု ပြောသည်။
ထို့နောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မီးသတ်ဌာနနှင့် ဒေသခံများ ပူးပေါင်ကာ မီးငြိမ်းးသတ်ခဲ့ကြရာ ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း Arakan Princess Media ကဖော်ပြသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ပိုင်ရှင်ဖြစ်သူအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်မည်ဟုလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါသေးသည်။

