(006SV)
အာဏာသိမ်းစစ်တပ်၏ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်ခံနေရသော မင်းတပ်မြို့ခုခံကာကွယ်စစ်အတွက် ရပ်နီး၊ ရပ်ဝေးမှ ပြည်သူများ၏ အဖက်ဖက်မှ ကူညီပံ့ပိုးမှုများ လိုအပ်နေပါကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၉ ရက်က ကြေညာသည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဘိုးဘေးများ ခေါင်းချခဲ့ကြသော၊ ညီနောင်သားချင်းများ ချက်မြှုပ်ရာ ဇာတိမြေ မင်းတပ်မြို့နယ်သည် အဖက်အဖက်မှ ဒဏ်ရာပေါင်းစုံနှင့် အနာတရ ဖြစ်နေရသည်ဟု မင်းတပ်ပအဖက ထုတ်ပြန်သည်။
“ထိုသို့ အနာတရဖြစ်နေသော မြို့နယ်လေးအား ကျွန်ပ်တို့၏ သားကောင်းရတနာများမှ အသက်ကို ပဓာန မထားဘဲ ခုခံတိုက်ခိုက်၍ တိုက်ပွဲဝင်နေကြသည်မှာလည်း ရပ်နီး/ဝေးမှ ညီအစ်ကိုမောင်နှမများအားလုံး အသိပင်ဖြစ်ပါလိမ့်မည်။ ထိုသို့ တိုက်ခိုက်ကာကွယ်ကြသော ရဲဘော်လေးများအတွက်လည်း အဖက်ဖက်မှ ကူညီပံ့ပိုးမှုများပေးရန် လိုအပ်နေသည်များကိုလည်း သိရှိကြပေလိမ့်မည်” ဟု မင်းတပ်ပအဖက အသိပေးသည်။
မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်းကို အင်အား ၂၀၀၀ ကျော်ဖြင့် ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှု ကြီးမားစွာ အသုံးပြု၍ ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်ကို ရှေ့တန်းတွင် အသက်စွ့န်၍ ကာကွယ်နေရသော ချင်းတော်လှန်ရေး ရဲဘော်များ၏ လိုအပ်ချက်များကို နောက်တန်းမှ မိမိတို့အနေဖြင့် အုပ်တစ်ချုပ်၊ သဲတစ်ပွင့် ပါဝင်ကူညီအားဖြည့်ပေးကြရန် မင်းတပ်ပအဖက အထူးမေတ္တာရပ်ခံနေသည်။
လက်ရှိ တိုက်ပွဲကာလအတွင်း မင်းတပ်မြို့နှင့် မင်းတပ်မြို့နယ်အရှေ့ခြမ်းနေရာများ၊ ချင်းတောင်ပိုင်းမြို့များကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါးပြုလုပ်နေပြီး ပြည်သူတချို့ ထိခိုက်သေဆုံးမှု ရှိနေသကဲ့သို့ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု အများအပြား ရှိနေကြောင်း ဒေသခံတချို့ထံမှ သိရသည်။
ချင်းလူမျိုးတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာပြီး လက်ဆင့်ကမ်း ကာကွယ်နေထိုင်ခဲ့သော မင်းတပ်မြို့နယ်အတွက် အကူအညီများ၊ အထောက်အပံ့များ ပေးလိုပါက ဆက်သွယ်နိုင်ပါကြောင်း မင်းတပ်ပအဖက အသိပေးထားသည်။
စစ်တပ်၏ ချင်းတောင်ပိုင်းထိုးစစ်ဆင်ခံရမှုအတွင်း ပါဝင်နေသော ကန်ပက်လက်မြို့နယ်အင်အားစုများကလည်း ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အင်တိုက်အားတိုက် ပါဝင်ကူညီကြရန် တိုက်တွန်းနှိုးဆော် ထားသည်။
ချင်းတောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် စုစည်း ထိုးစစ်ဆင်ခြင်းမျိုး မဟုတ်ဘဲ စစ်အင်အားထောင်ချီဖြင့် တစ်မိုင်ကျော်ခန့် ဖြန့်ကျက်၊ ဝိုင်းပတ်၍ ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း သိရသည်။
မေလလယ်မှစတင်၍ ချင်းတောင်ပိုင်းမြို့များသို့ ထိုးစစ်ဆင်လာနေသော စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ် ထိုးစစ်ကို ကောင်းမွန်စွာ ခုခံဟန့်တားထားနိုင်ကြောင်း သိရသည်။
လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များသည် စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကို ထပ်မံ ရင်ဆိုင်နေရပြီး ကလေးငယ်၊ သက်ကြီးရွယ်အိုအပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

